Home
မြန်မာသတင်း
မြိုင်မြို့တွင် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေသဖြင့် စာမေးပွဲဖြေ ကျောင်းသားများ နေရပ်မပြန်ရဲ
DVB
·
March 24, 2023
336925264_1285383102046457_7268632487417681940_n

မကွေးတိုင်း၊ မြိုင်မြို့ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ တိုက်ပွဲတွေဖြစ်ပြီး နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့အတွက် နေရပ်မပြန်ရဲသေးဘဲ နီးစပ်ရာတွေမှာ ခိုလှုံနေရတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

မြိုင်မြို့နယ်အတွင်းက ကန်နီကျေးရွာနဲ့ သရက်ကန်‌‌ကျေးရွာက တက္ကသိုလ်ဝင်တန်း လာရောက်ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ ၃၀ ဦးဟာ လုံခြုံရေးအရ မပြန်နိုင်သေဘူးလို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“ကလေးတွေက စာမေးပွဲပြီးတာကြာလှပြီ၊ မပြန်လာရဲကြသေးဘူး။ သူတို့အတွက် လုံခြုံရေးကလည်း မကောင်းဘူးလေ။ ပြန်လာရင် စိုးရိမ်ရတယ်။ ကလေးတွေ ပညာရေးအတွက်ကြောင့်သာ စာမေးပွဲဖြေခိုင်းရတာ၊ ရင်လေးနေရတယ်။”

ကျောင်းသား ကျောင်းသူ ၃၀‌ ကျော်ဟာ စစ်ကောင်စီကပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်နေ့အထိ ဖြေဆိုခဲ့ကြပြီး လတ်တလောမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ အသိအိမ်တွေမှာ နေထိုင်ကြပြီး စားသောက်ရေးအတွက် နေထိုင်တဲ့ နေရာတွေက ကျွေးမွေးထားတယ်လို့လည်း ပြောပါတယ်။

မကွေးတိုင်းအတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅၄ ခုမှာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၃,၆၅၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြတယ်လို့ မကွေးတိုင်းစာစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးကို မသင်ကြားဖို့ တော်လှန်ရေးအင်အားစုတွေက ပြောကြားထားပြီး တဖက်မှာလည်း မိဘတွေက သားသမီးတွေ စာတတ်မြောက်ဖို့အတွက် စိုးရိမ်စိတ်နဲ့ ကျောင်းပို့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024