
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က နွေစပါးစိုက်တောင်သူတွေဟာ စပါးအထွက်နှုန်းနည်းပါးတာနဲ့ ဈေးကောင်းမရရှိတာတွေကြောင့် အခုနှစ်မှာ အရှုံးပေါ်နေကြရတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာ ရွှေဝါထွန်းနဲ့ ရက်တရာ (၇၄၇) စပါးတွေကို အခုရက်ပိုင်းမှာ ရိတ်သိမ်းပြီး ရောင်းချနေကြတာဖြစ်ကာ လက်ရှိပေါက်စျေးက တင်း ၁၀၀ ကို ရွှေဝါထွန်းစပါးက ကျပ် ၁၅ သိန်းနဲ့ ရက်တရာစပါးက ကျပ် ၁၆ သိန်းပဲ ရရှိတယ်လို့ စပါးစိုက်တောင်သူတယောက်က ပြောပါတယ်။
အဲဒီလိုသာ ရရှိပေမဲ့ လယ်တဧကကို စိုက်ပျိုးစရိတ် ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းကျော်အထိ ကုန်ကျနေပြီး အထွက်နှုန်းကတော့ တင်း ၆၀ ဝန်းကျင်လောက်ပဲ ရှိတာကြောင့် တောင်သူတွေ အမြတ်မကျန်တဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ သယ်ယူပို့ဆောင်ခနဲ့ လုပ်အားခတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာသလို သဖန်းဆိပ်ဆည်ကနေ ရေပေးဝေမှု မရှိတဲ့အတွက် စက်ရေတင်ပြီး စိုက်ပျိုးခဲ့ရတာကြောင့် ကုန်ကျစရိတ်တွေ ပိုများခဲ့ရတာ ဖြစ်ပါတယ်။
တောင်သူတယောက်က “ဒီနှစ် ရေမလာတော့ စက်ရေတင်ရတာရယ်၊ ရေနံနဲ့ မြေဆီဈေးတွေက မနှစ်ကထက် အဆမတန် တက်လာတာရယ်ကြောင့် ကုန်ကျစရိတ်တွေ အတော်များပါတယ်။ စပါးကလည်း တဧကကို တင်း ၆၀၊ ၆၅ တင်းလောက်ပဲ ထွက်ကြတာဆိုတော့ ၁၅ သိန်းဈေးနဲ့ဆိုရင် အရှုံးပေါ်နေတာပါ” လို့ ပြောပါတယ်။
ရာသီဥတု ဖောက်ပြန်တာနဲ့ ရေမလုံလောက်မှုတွေကြောင့် စပါးခင်းတွေမှာ ပိုးမွှားကျရောက်မှုတွေ ရှိခဲ့ပြီး အဲဒီအတွက် တဧကကို တင်း ၉၀၊ ၁၀၀ ထွက်တဲ့ တောင်သူ အရမ်းနည်းကာ တင်း ၇၀ အောက်ပဲ ထွက်တဲ့ လယ်ဧကတွေက ပိုများနေတာပါ။
တောင်သူတွေ အရှုံးပေါ်နေပေမဲ့ ပြင်ပဈေးကွက်ထဲမှာတော့ ဆန်ဈေးနှုန်းက ကျဆင်းမသွားဘဲ ၂၄ ပြည်ဝင် ဆန်တအိတ်ကို ၁၂၀,၀၀၀ ကနေ ၂၁၀,၀၀၀ ကျပ်အထိ မြင့်မားနေဆဲ ဖြစ်ပါတယ်။
ရွှေဘိုမြို့နယ်မှာ အရင်နှစ်တွေတုန်းက နွေစပါးစိုက်ဧက ၅၀,၀၀၀ လောက်အထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း သဖန်းဆိပ်ဆည်နားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဆည်ရေပေးဝေမှု ရပ်တန့်ခဲ့ရပြီး အခုနှစ်မှာတော့ စိုက်ဧက ၂၀,၀၀၀ ဝန်းကျင်လောက်ပဲ စိုက်ပျိုးနိုင်ခဲ့တော့တယ်လို့ သိရပါတယ်။










