DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃,၁၆၀ ခန့်ကို သတ်ဖြတ်
DVB
·
March 23, 2023
အာဏာသိမ်း ၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃,၁၆၀ ခန့်ကို သတ်ဖြတ်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၅၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၈၂၂ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၉၅၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၁၈၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၄၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်သန်းနု (ခ) ဒေါ်နီလာနဲ့ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို ပြီးခဲ့တဲ့ မတ် ၂၀ ရက်က ခင်ဦးမြို့နယ် စစ်ခုံရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ဂ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဒေါ်ခင်သန်းနုနဲ့ ဒေါ်အိနန္ဒာအောင်တို့ကို ခင်ဦးမြို့က ဂန္ထဝင်တောက်ကြီး လက်ဖက်ရည်ဆိုင်နားမှာ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးခဲ့တာလို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၁ ရက်ကလည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၄၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတယောက်ဖြစ်သူ ကိုခမ်းမဲရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ အဆိုပါစစ်ကြောင်း ပြန်လည်ထွက်ခွာခဲ့ပြီးနောက် သူ့ရဲ့ရုပ်အလောင်းကို ကျေးရွာထဲမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013