DVB Logo
Home
မြန်မာသတင်း
ဆန်စပါးဥပဒေမူကြမ်းတွင် တောင်သူများကို အကျိုးခံစားခွင့်ပေးနိုင်သည့်အချက်များ မပါဝင်
DVB
·
March 23, 2023
ဆန်စပါးဥပဒေမူကြမ်းတွင် တောင်သူများကို အကျိုးခံစားခွင့်ပေးနိုင်သည့်အချက်များ မပါဝင်
Donate to DVB

စစ်ကောင်စီဩဇာခံအဖွဲ့တွေ လက်ရှိရေးဆွဲနေတဲ့ ဆန်စပါးဥပဒေ(မူကြမ်း)ဟာ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို အကျိုးခံစားခွင့်ပေးနိုင်တဲ့ အချက် ပါဝင်တာ မတွေ့ရဘူးလို့ လယ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြပြောပါတယ်။

အဆိုပါ ဥပဒေ(မူကြမ်း)ကို စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)တို့ ပူးပေါင်းရေးဆွဲနေတာပါ။

ဒီဆန်စပါးဥပဒေ(မူကြမ်း)ဟာ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို အကျိုးပြုတဲ့ အချက် မတွေ့ရပေမဲ့ ကုန်သည်အသိုက်အဝန်းအတွက် လက်ဝါးကြီးအုပ်ချုပ်ကိုင်ဖို့ လုပ်နေတဲ့ ဥပဒေ ပုံစံ ဖြစ်နေတယ်လို့ လယ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

“စီးပွားကူးသန်းဝန်ကြီးဌာနက နည်းဥပဒေကို ရေးဆွဲတယ်ဆိုတဲ့နေရာမှာ သူတို့က  အခွန်ရရေး အတွက်သာ ဖြစ်နေတယ်။ အဲ့တော့ ပြောရရင် အခွန်မပေးတဲ့သူကို ပြည်ပရောင်းချခွင့် မပေးနဲ့ပေါ့။ ပြီးတော့ ဒီဥပဒေကြီးကို ပြဋ္ဌာန်းပြီးတော့ ဘာလုပ်ချင်တာလဲ ဆိုရင် ပြည်တွင်းစားနပ်ရိက္ခာဈေးကွက်မှာ ကုန်ဈေးနှုန်း အဆမတန် ကြီးမြှင့်မှုကို ကာကွယ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်။ ဒါက ကုန်ထုတ်လုပ်မှု များလာလို့ရှိရင် ဈေးနှုန်းက သူ့ဘာသာ မှန်တန်းမှာ ရှိနေမှာပဲလေ။ ပြီးခဲ့ တဲ့နှစ်က သွင်းအားစုဈေးက မတရားမြင့်တက်ခဲ့ပြီး စပါးဈေးက နိမ့်ကျနေတဲ့အတွက် တချို့တောင်သူတွေ သွင်းအားစုကို ပြည့်မီအောင် မသွင်းနိုင်ခဲ့လို့ ၁ ဧက ကို ပျမ်းမျှ စပါးတင်း ၂၀ လောက် လျှော့သွားခဲ့တယ်။ အဲ့ဒါကြောင့် ဧရာဝတီတိုင်းမှာ အခု မိုးစပါး စိုက်ဧက ၁၇ သန်းက ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး စပါး တင်းပေါင်း ၃ သန်း ကနေ ၅ သန်းအထိ လျှော့သွားတယ်။ ဒါကို ဘာနဲ့မှ ကုစားလို့ မရဘူး။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ထုတ်ကုန်ရဲ့ ဈေးကို ထိန်းချုပ်ပြီးတော့ သွင်းအားစုတွေရဲ့ဈေးကိုတော့ ဘယ်လိုမှ မထိန်းချုပ်နိုင်တာကြောင့် ဖြစ်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ယင်း ဥပဒေ(မူကြမ်း)ထဲမှာ အရန်ဆန်ဝယ်ယူရေးနဲ့ပတ်သတ်ပြီး သင်းပင်းဖွဲ့စည်းရာမှာ အားနည်းချက်တွေကလည်း ရှိနေပါတယ်။

လယ်သမားအရေးတက်ကြွဆောင်ရွက်နေတဲ့ နိုင်ငံရေးသမားတဦးက “အရန်ဆန်ကို သတ်မှတ်ဈေးနဲ့ဝယ်တယ်၊ ရောင်းတယ်ပေါ့။ ဒါပေမဲ့ ဘာပြဿနာရှိလဲဆို တောင်သူတွေ စပါး ပေါ်တော့မယ့်အချိန်မှာ အဲဒီ အရန်ဆန်ကို ထုတ်ရောင်းလိုက်တဲ့အတွက် ပေါ်လာတဲ့ စပါးက ဈေးကျ သွားတယ်။ ဘာကြောင့်လဲဆို ဈေးကွက်ထဲမှာ ဆန်ဟောင်းက တသောင်းနဲ့ ရောင်းနေတဲ့အချိန် ဆန်သစ်က ဘယ်လိုမှ တသောင်းနဲ့ရောင်းလို့မရဘူး။ အဲ့လိုအချိန်မှာ ဒီအရန်ဆန်ကို သူတို့က လက်နက် သဖွယ် အသုံးချပြီး ထုတ်ရောင်းကြတယ်။ ဒါကြောင့် အရန်ဆန်ဝယ်ယူရေးအတွက် ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ထဲမှာ တတ်သိနားလည်တဲ့ တောင်သူကိုယ်စားလှယ်တွေလည်း ပါဖို့ လိုတယ်။ မဟုတ်ရင်တော့ ဒါက လက်နက်သဖွယ်အသုံးချပြီး တောင်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေပဲ ဖြစ်နေပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးညွှန့်အောင် က ပြီးခဲတဲ့ ၂၀၂၂ နှစ် အောက်တိုဘာ ၆ ရက် နဲ့ ၇ ရက်က နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းဗဟိုဌာနမှာ စစ်ကောင်စီရဲ့လမ်းညွှန်မှုနဲ့ပြုလုပ်ခဲ့တဲ့ မြန်မာ့ဆန်စပါး ညီလာခံ ကနေ ထွက်ပေါ်လာတဲ့ အကြံပြုချက်တွေအရ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍအတွက် (၁၅) ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍအတွက် (၁၀) ချက်နဲ့ ပို့ကုန်မြှင့်တင်ရေးနှင့်ကုန်သွယ်မှုကဏ္ဍအတွက် (၁၈) ချက် စုစုပေါင်း (၄၃) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လုပ်ငန်းစီမံချက်ကို ရေးဆွဲထားပြီး ၅ နှစ်တာ အစီအစဉ်နဲ့ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013