DVB Logo
Home
Lead Story
အကြမ်းဖက်ခေါင်းစဉ်တပ်ပြီး ဆန့်ကျင်သူများအပေါ် ပိုမိုဖမ်းဆီးလာသော စစ်ကောင်စီ
DVB
·
March 23, 2023
အကြမ်းဖက်ခေါင်းစဉ်တပ်ပြီး ဆန့်ကျင်သူများအပေါ်  ပိုမိုဖမ်းဆီးလာသော စစ်ကောင်စီ
Donate to DVB

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာတာနဲ့အမျှ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တနေ့တခြား တိုးပွားလာပါတယ်။ အာဏာသိမ်းတဲ့ ပထမနှစ်မှာ စစ်ကောင်စီဆန့်ကျင်သူတွေကို ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးလေ့ရှိပေမဲ့ ၂၀၂၁ နောက်ပိုင်းမှာ အထူးသဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအောက်ကနေ ဖမ်းဆီးပြီး စွဲချက်တင်လာတာတွေ ပိုမိုများပြားလာပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအောက်ကနေ ဖမ်းဆီးခံထားရသူ ၂,၇၀၀ နီးပါး ရှိနေတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။ အကြမ်းဖက်မှုကို ကျူးလွန်ရင်ဖြစ်ဖြစ် ငွေကြေးထောက်ပံ့ရင်ဖြစ်ဖြစ် ထောင်ဒဏ်ဆယ်နှစ်ကနေ အမြင့်ဆုံး တသက်တကျွန်းထိ ချမှတ်နိုင်တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေမှာပြဋ္ဌာန်းထားပြီး တချို့ပုဒ်မတွေမှာ သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။

ယခင်အစိုးရတွေ လက်ထက်က စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိသူတွေနဲ့ ထောက်ခံသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲလေ့ရှိပါတယ်။ ၂၀၁၄ မှာ ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေကြောင့် ယခင်အစိုးရလက်ထက်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံရတဲ့ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးတရားစွဲဆို ထောင်ချတာတွေ ရှိခဲ့ပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လအကြာမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို စစ်ကောင်စီက ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းခဲ့ပါတယ်။ ရှေ့နေတွေ၊ CDM ဝန်ထမ်းတွေ၊ လွှတ်တော်အမတ်တွေ၊ စစ်ကောင်စီကို ဆန့်ကျင်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေသာမက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အလှူငွေ အနည်းငယ်လှူဒါန်းတဲ့ သာမန်ပြည်သူတွေကိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိလာပါတယ်။ ငွေကြေးအနည်းငယ်ကို KBZ Pay ၊ Wave Money တို့လို အွန်လိုင်းငွေလွှဲဝန်ဆောင်မှုတွေက လွှဲပေးတာအပါအဝင် အမျိုးသမီးနဲ့ စစ်ဘေးရှောင်တွေကို အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့ ဆန်ကဲ့သို့ ရိက္ခာတွေ လှူဒါန်းတာကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးမှုတချို့ ရှိခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာဆိုရင်  ဖမ်းဆီးရမိတဲ့သူတွေကို စစ်ခုံရုံးတွေကနေ နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုများသာမက လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးမှု အစရှိတဲ့ ရာဇဝတ်မှုတွေကိုပါ ထည့်သွင်းစွဲဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လေ့ရှိပါတယ်။

အခုနှစ် မတ်လဆန်းပိုင်းထဲမှာပဲ အကြမ်းဖက်တိုက်ဖျက်ရေး နည်းဥပဒေသစ်ကိုလည်း ထပ်မံထုတ်ပြန်ထားပါတယ်။ အီလက်ထရောနစ် သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်တာနဲ့ တည်နေရာ အတည်ပြုတာတွေ လုပ်ဖို့ မိုဘိုင်းအော်ပရေတာတွေဘက်က မငြင်းဆန်နိုင်ရန်နဲ့ အော်ပရေတာတွေဆီက သတင်းအချက်အလက် တောင်းဆိုမိန့်ကို ရက်ပေါင်း ၆၀ (နှစ်လ) အထိ လုပ်ဆောင်နိုင်ပြီး လိုသေးရင် သက်တမ်းတိုးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ရရှိလာတဲ့ အချက်အလက်တွေကို အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ဆိုင်တဲ့ စုံစမ်းထောက်လှမ်းမှုနဲ့ စစ်ဆေးမှုတွေမှာ အသုံးပြုနိုင်ပြီး သက်သေအဖြစ်ပါ တင်သွင်းနိုင်တယ်လို့ ပါရှိပါတယ်။ တရားလိုပြသက်သေကို အကာအကွယ်ပေးဖို့ သေချာဖော်ပြထားပြီး တရားခွင်မှာ စွပ်စွဲခံရသူတွေနဲ့ ဗီဒီယိုကွန်ဖရင့်နဲ့ ထွက်ဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အရင်ကတည်းက စစ်ကောင်စီအနေနဲ့ ဒီဥပဒေမပြဋ္ဌာန်းခင်တည်းက ကြားဖြတ်ဖမ်းယူ ဖုန်းနားထောင်တာတွေ လုပ်ခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ထောက်ပံ့နေတဲ့ ပြည်သူတွေကို တရားစွဲဆိုတဲ့အခါမှာ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဥပဒေအကာအကွယ်ယူဖို့ နည်းဥပဒေတွေ ထုတ်ပြန်ထားတာလို့ နည်းပညာကျွမ်းကျင်သူတွေက ပြောထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဩဂုတ်လ၊ ၂၀၂၁ မှာ ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေမှာဆိုရင်လည်း တချို့ပုဒ်မတွေကို ကျူးလွန်ရင် အရင်က ထောင်ဒဏ် ၃ နှစ်မှ ပြင်ဆင်ပြီးနောက်ပိုင်း ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ရန် ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါကာလမှာ စစ်သင်တန်းသွားတက်ပြီး ပြန်လာတဲ့ လူငယ်တွေနဲ့ ငွေကြေးထောက်ပံ့သူတွေ၊ တခြားပုံစံမျိုးစုံနဲ့ ကူညီနေသူတွေကို ဖမ်းဆီးဖို့ ရည်ရွယ်ရန် စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းခဲ့တာလို့ ဥပဒေအသိုင်းအဝိုင်းက ယူဆခဲ့ကြပါတယ်။ ပြင်ဆင်ချက်မှာ ပုဒ်မ ၅၂ နဲ့ ပုဒ်မခွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာတာကို တုံ့ပြန်ဖို့နဲ့ စစ်သင်တန်း သွားရောက်တက်တာတွေ ထောက်ပံ့အားပေး ကူညီမှုမျိုးစုံကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဖြည့်စွက်ခဲ့တယ်လို့ ဥပဒေအသိုင်းအဝိုင်းက ယူဆကြပါတယ်။

ဖမ်းဆီးအရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်တချို့ကတော့ “အကြမ်းဖက်အုပ်စု တခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ သူတဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ၊ အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စု တခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ၊ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန်အလို့ငှာ ထိန်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်း ပြုလုပ်မှုများ၊ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ” စတာတွေ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အကြမ်းဖက်မှုနဲ့ ဖမ်းဆီးရမိတဲ့ တော်လှန်ရေးအင်အားစုတွေကို စွဲချက်တင်တာဟာ ပိုမိုကြီးလေးတဲ့ ထောင်ဒဏ်ချမှတ်ခံရဖို့နဲ့ ပုဒ်မ ၅၀၅ လို နိုင်ငံရေးပုဒ်မတွေ အစား အကြမ်းဖက်မှုပုဒ်မတပ်ပြီး တရားစွဲဆိုတာကြောင့် နိုင်ငံတကာအမြင်မှာ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားထက် အကြမ်းဖက်မှု ရာဇဝတ်မှု ကျူးလွန်လို့ ဖမ်းဆီးထားတာလို့ အမြင်ရောက်သွားစေရန် ပြုလုပ်ထားတာလို့ ဥပဒေအသိုင်းအဝိုင်းဘက်က ယူဆပါတယ်။ ဒါပေမဲ့ ကုလလူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းနဲ့ နိုင်ငံအများစုက စစ်ကောင်စီအနေနဲ့ အတုအယောင် တရားစီရင်ရေးတွေ ပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို လှုံ့ဆော်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှု၊ မတရားသင်း ဆက်သွယ်မှု စတဲ့ ပုဒ်မမျိုးစုံတွေတပ်ပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ထားအောင် ပြုလုပ်ထားတာလို့ပဲ ယူဆကြပါတယ်။ ပြီးခဲ့တဲ့လကပဲ စစ်တပ်က ဖမ်းဆီးထားတဲ့ ထင်ရှားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို NUG အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့လို့ အမြင့်ဆုံး ထောင် ၇ နှစ်ချနိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထပ်တိုးအမှုဖွင့်ထားပါတယ်။ အရင်ကတည်းက KBC ဥက္ကဋ္ဌဟောင်းကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) တို့နဲ့ အမှုဖွင့်ထားပြီး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသား၊ လူငယ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ CDM အစိုးရဝန်ထမ်းတွေနဲ့ ငွေကြေး၊ ရိက္ခာနဲ့ အခြားထောက်ပံ့မှုတွေ ပြုလုပ်ထားတဲ့ သာမန်ပြည်သူတွေကိုလည်း အကြမ်းဖက်မှု အပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားသင်းဆက်သွယ်မှု၊ လက်နက်များအက်ဥပဒေနဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ အစရှိတာတွေနဲ့ ပုဒ်မသုံးလေးခုတပ်ပြီး ထောင်နှစ်ရှည်ကျစေရန် စစ်ကောင်စီဘက်က ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်အထိ နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၆၉၂၅ ဦးရှိပြီး  ၅၁၆၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ‌စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

သန့်ထက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013