DVB Logo
Home
မြန်မာသတင်း
ထားဝယ်၊ ပုလောနှင့် တနင်္သာရီတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
March 23, 2023
ထားဝယ်၊ ပုလောနှင့် တနင်္သာရီတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ စကခ ၈ ရှေ့တန်းစခန်း ဖြစ်တဲ့ သထုံခရိုင်အတွင်းက ပိန္နဲတောတပ်စခန်းကို မတ် ၂၂ ရက် မနက် ၁၁ နာရီခွဲလောက်မှာ KNLA၊ PDF၊ TPDF Drone ယူနစ်တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ရှိသူက ပြောပါတယ်။

“ရှေ့တန်းတပ်စခန်းကို ဒရုန်းဗုံးသီး ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ မြေပြင်အခြေအနေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်သလို စစ်ဆင်ရေးပြီးတာနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။”

သထုံခရိုင်အတွင်းမှာ အခုရက်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာ အကျအဆုံးလည်း များထားပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မင်းထိန်ကျေးရွာနဲ့ ပဝတ်ဖျားကျေးရွာကြားမှာ ခြေလျင်စစ်ကြောင်းထိုး တက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်-၁၊ KNDO၊ King cobra force (ပကဖ)၊ KPDF နဂါးမင်းပူးပေါင်းတပ်ဖွဲ့ တို့က မိုင်း‌ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၁ ရက် မနက် ၁ဝ နာရီခွဲလောက်က အင်အားအများအပြားနဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က မိုင်းခွဲတိုက်ခိုက်ပြီးနောက် နာရီဝက်နီးပါး နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ခြေလျင်တပ်သား ၁၃ ဦး ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၁ ဦး ဒဏ်ရာရကာ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့က မင်းထိန်ရွာမှာ အရင်တပ်စွဲထားတယ်။ ပြီးမှ မင်းထိန်ရွာကနေ ပဝတ်ကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန် ကြားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

ပုလောမြို့နယ်မှာ စစ်ရေးတင်းမာလာပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေ အသွားအလာ သတိရှိဖို့၊ စစ်ရေးသတင်း နားစွင့်ပြီး မလိုအပ်ဘဲ ခရီးမသွားလာဖို့ ပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထားပါတယ်။

ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့အပြင် ပြည်သူတွေကို ဖမ်းဆီး စစ်ဆေးလာတာတွေလည်း ပိုများလာတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက် ကျေးရွာက မြစ်ကူးတံတားအနားမှာလည်း ပျူစောထီး အပါအဝင် အင်အား ၅ဝ ခန့်ပါ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား မတ် ၁၉ ရက် မနက် ၉ နာရီလောက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် အပါအဝင် ၇ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်မှု တစုံတရာမရှိဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လာတာကြောင့် နေအိမ်တချို့ ပျက်စီးပြီး ကျေးရွာနေ ဒေသခံအများအပြားလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ပြည်သူတွေကတော့ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ မိမိတို့ တပ်ဖွဲ့တွေအနေနဲ့ ကျေးရွာနဲ့ အနီးကပ်ဖြစ်နေလို့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ ခွာစစ်နဲ့ ပြန်လည်ဆုတ်ခွာပေးလိုက်တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေသခံပြည်သူတဦးကတော့ “စခတွေ ရွာထဲဝင်လာပြီး အိမ်မွေးဝက် ၂ ကောင်ကို သတ်ပြီး တပိုင်းဖြတ်ယူသွားတယ်။ ပြီးတော့ တခြားအိမ်တဆောင်က ဆန်တအိတ် ယူသွားတယ်။ ရွာက အသက် ၁၉ နှစ်အရွယ် ယောက်ျားလေးတယောက်ကို ကြိုးတုပ်ပြီး ဖမ်းသွားတယ်။ လမ်းမှာတွေ့တဲ့ ရွာသားတချို့ကိုလည်း ခြိမ်းခြောက်သွားတယ်” လို့ ပြောပါတယ်။

ဖမ်း‌ဆီးခံလိုက်ရတဲ့ ၁၉ နှစ်အရွယ် အမျိုးသားတဦးကို ဒီနေ့အချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

အဆိုပါ ချောင်းနှစ်ပေါက်ကျေးရွာဟာ မြိတ်-မောတောင် ကုန်သွယ်ရေးလမ်းမပေါ်မှာ ရှိပြီး အိမ်ခြေ ၁၀ဝ နီးပါးရှိကာ လူဦးရေ ၄ဝဝ ကျော် နေထိုင်တဲ့ရွာ ဖြစ်ပါတယ်။

အခုတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အထိအခိုက်၊ အကျအဆုံးစာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013