DVB Logo
Home
မြန်မာသတင်း
ခင်ဦးလွှတ်တော်အမတ်၏ ဇနီးနှင့် သမီးတို့ကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးပြီး ထောင် ၃ နှစ်ချ
DVB
·
March 23, 2023
ခင်ဦးလွှတ်တော်အမတ်၏ ဇနီးနှင့် သမီးတို့ကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးပြီး ထောင် ၃ နှစ်ချ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အန်အယ်လ်ဒီ လွှတ်တော်အမတ်ကို ဖမ်းမမိတဲ့အတွက်  ဇနီးနဲ့ သမီးဖြစ်သူတို့ကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးပြီး မတ်လ ၂၁ ရက်မှာ စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ လွှတ်တော်အမတ် အသိုက်အဝန်းနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီး ဒေါ်ခင်သန်းနု (ခ) ဒေါ်နီလာနဲ့ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ နှစ်ဦးကို ခင်ဦးစစ်ခုံရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ) နဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဝင်းအောင်ကို စစ်ကောင်စီက ဖမ်းမမိတဲ့အတွက် သူ့ရဲ့ဇနီးနဲ့ သမီးတို့ကို  ဖေဖော်ဝါရီ ၂၄ ရက်မှာ ခင်ဦးမြို့ရှိ ဂန္ထဝင်တောက်ကြီး လက်ဖက်ရည်ဆိုင်အနီးမှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောပါတယ်။

“စစ်ကောင်စီလုပ်ရပ်တွေကို ဘာမှပြောချင်စိတ်တောင် မရှိတော့ဘူး။ စစ်ကောင်စီကတော့ အလုံးစုံ တရားလက်လွတ်စပယ် လုပ်နေတယ်ဆိုတာလည်း မင်းတို့တတွေလည်း အသိဆုံးပဲ။ သူတို့ကို တော်လှန်ခြင်း၊ မတော်လှန်ခြင်း ဆိုတာထက် အခုလို နိုင်ငံရေးလုပ်တဲ့ မိသားစုဝင်တွေမှ မဟုတ်ဘူး၊ အရင်က အသိမိတ်ဆွေတွေကိုတောင် ပုဒ်မအမျိုးမျိုးတပ် မတရားဖမ်းဆီး ထောင်ချနေတဲ့ စစ်ကောင်စီတွေပဲလေ။ မတရားဆောင်ရွက်တာ၊ မတရား လူ့အခွင့်အရေးချိုးဖောက်တာ၊ ဥပဒေနဲ့ မသက်ဆိုင်တဲ့သူတွေကိုလည်း ထင်သလို လုပ်နေတာလို့ပဲ ပြောရတော့မယ်။”

ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့ သမီးတို့ကို ထောင်ဒဏ်ချပြီးနောက် ရွှေဘိုအကျဉ်းထောင်ကို ပို့လိုက်ပြီလို့ ဒေသခံ တက်ကြွလှုပ်ရှားတဲ့ လူငယ်တဦးက ပြောပါတယ်။

“စစ်ကောင်စီက သူတို့ကို ယောကျ်ားပုန်ကန်ရင်လည်း မိန်းမ၊ သားသမီး၊ ဆွေမျိုးအသိုက်အဝန်းပါ အခုလို သူတို့ထင်သလို ဖမ်းလို့ရတယ်။ အဲလို ပြည်သူကို Message ပေးပြီး အကြောက်တရား သွင်းတာပဲဗျ။ သူတို့ အကြောက်တရားသွင်းတိုင်း ကျနော်တို့ ခင်ဦးဒေသခံတွေကျတာ့ ဖြစ်လာမယ်မဟုတ်ဘူး။ တက်ကျိုးရင် လက်နဲ့လှော်မယ်။ ဒီစစ်အာဏာရှင်ကို အဆုံးအထိ တော်လှန်နေကြဦးမယ်။”

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ခင်ဦးဒေသခံ အပြစ်မဲ့ပြည်သူ ၁၅၀ လောက်ကို ဖမ်းဆီးခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်တာတွေ ရှိတယ်လို့လည်း ဒေသခံက ပြောပါတယ်။

ဒေါက်တာဝင်းအောင်ဟာ ၁၉၈၂ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ခင်ဦးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါက်တာဝင်းအောင်ဟာ မိသားစုကိုစွန့်ခွာပြီး လွတ်မြောက်‌နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ စစ်ကောင်စီက အခုလို မိသားစုဝင်တွေကို ဓားစာခံအဖြစ် မတရားဖမ်းဆီးပြီး ထောင်ချခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013