DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် လူငယ် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ ပုလဲ၌ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ၄ ဦးကျဆုံး
DVB
·
March 22, 2023
စစ်ကိုင်းတွင် လူငယ် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ ပုလဲ၌ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ၄ ဦးကျဆုံး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ကြီးဗဒုံရွာက ရပ်ရွာလုံခြုံရေးအဖွဲ့ဝင် လူငယ်တဦးကို  စစ်ကောင်စီတပ်က မတ်လ ၂၁ ရက်‌မှာ ဖမ်းဆီးပြီး သတ်ဖြတ်မီးရှို့ထားတဲ့ အလောင်းကို ဒေသခံတွေ ဒီနေ့ မတ်လ ၂၂ရက်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ ကြီးဗဒုံရွာဟာ နမခအခြေစိုက်စခန်းနဲ့ အနီးဆုံးမှာရှိတဲ့ ကျေးရွာတခုလည်း ဖြစ်ပါတယ်။

ဒေသခံရွာသားတဦးက “အသတ်ခံရတဲ့သူက ကိုသိန်းမင်း၊ အသက် ၃၀ ဝန်းကျင်လောက်ရှိမယ်ဗျ။ သတ်ပြီး မီးရှို့ထားတဲ့နေရာက ရွာရဲ့အနောက်‌မြောက်ဘက်က ပြောင်းရိုးပုံပေါ်တင်ပြီး မီးရှို့ထားခဲ့ကြတာ။ သူတို့ ရွာကနေထွက်သွားပြီးမှ ဒီအလောင်းကို ဒီနေ့ မတ်လ ၂၂ ရက်နေ့ မနက်ခင်းမှာ တွေ့ရှိခဲ့ရတာဗျ။ ဘာကြောင့်သတ်တာလဲဆိုတော့ သူတို့သတ်ချင်လို့ကို သတ်တာပဲဆရာရေ။ စစ်ကိုင်းမှာက ကုန်ဈေးနှုန်း တအားဈေးကြီး ဈေးတန်တာ။ လူ့အသက်က ဈေးမကြီးဘူး။ သတ်ချင်သလိုကို စစ်ကောင်စီက သတ်နေတော့တာဗျ။ ဒီအချိန်မှာ ဥပဒေစိုးမိုးမှု မရှိတော့ သူခိုး၊ ဓားပြရန်ကနေ ကာကွယ်နိုင်အောင် လူငယ်လေးတွေနဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့လေးတွေ ရွာတိုင်းလိုလိုရှိတယ်။ ဒီလို အဖွဲ့ ဖွဲ့တာကိုလည်း စစ်ကောင်စီရော၊ PDF အဖွဲ့တွေရော နားလည်မှု အပြည့်ရှိစေချင်တယ်။ PDF ဘက်ကတော့ အခုလိုလုပ်တာ အပြည့်အဝ နားလည်ပေးပါတယ်။ စစ်ကောင်စီကတော့ ကလေး၊ လူကြီး၊ အဘိုး၊ အဘွား ဘာတခုမှ ချမ်းသာမပေးဘူး။ သူတို့စစ်ကြောင်းထဲ တွေ့သူမှန်သမျှ လူတွေတင်မကဘူး၊ အိမ်မွေးတိရစ္ဆာန်တွေပါ သတ်ဖြတ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ အခု မတ်လ ၂၂ ရက် နေ့ခင်း ၁၁ နာရီလောက်မှာ အလုံမြို့နဲ့ ဘုတလင်မြို့ဘက် ဆက်သွယ်ထားတဲ့ ကားလမ်းမ ဘေးဝဲယာကို လုံခြုံရေးအပြည့်လိုက်ပါပြီး ဘူဒိုဇာ မြေထိုးစက်ကားတစီးနဲ့ မိုင်းရှင်းလင်းနေတယ်လို့လည်း ဘုတလင်ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာအနီးကို မတ် ၂၁ ရက် မနက် ၇ နာရီ မိနစ် ၄၀ လောက်မှာ စစ်ကောင်စီတပ်က MI 35 တစီးနဲ့ နာရီဝက်လောက် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၄ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇီးဖြူကုန်းရွာမှာ ကာလရှည်ကြာ တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ် စခန်းသိမ်းတာကြောင့် အခုလို လာရောက်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးဖြူကုန်းကျေးရွာဟာ စစ်တပ်ကို ထောက်ခံပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ပျူရွာဖြစ်တယ်လို့လည်း ဆိုပါတယ်။

MRDA မြန်မာ့တော်ဝင်နဂါးတပ်မတော် တာဝန်ရှိသူ ဗိုလ်နဂါးက “ဇီးဖြူကုန်းပျူရွာကို ကျနော်တို့ မနက် ၆ နာရီလောက်က ရွာထဲအထိ ဝင်ရောက်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တာ ဟုတ်ပါတယ်။ တိုက်ပွဲက အခြေအနေကောင်းတယ်လို့လည်း ပြောလို့ရသလို မကောင်းဘူးလို့လည်း ပြောလို့ရတယ်။ အခြေအနေကောင်းတာက စစ်ကောင်စီ အထိုင်လုပ်ထားတဲ့ စခန်းကို ထိထိရောက်ရောက် ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်။ စခရော၊ ပျူရော အကျအဆုံး ၂၀ ကျော်အထိ ရှင်းလင်းနိုင်တဲ့အချိန်၊ စခန်းသိမ်းနိုင်မယ့် အချိန်ရောက်ခါနီးမှ နမခကနေ MI35 တစီးတက်လာပြီး ကျနော်တို့ရဲဘော်တွေ မနက်ခင်း ၈ နာရီလောက်မှာ နာရီဝက်လောက် လာပစ်ခံလိုက်ရတယ်။ လေယာဉ်နဲ့ပစ်လို့ ကျနော်တို့ ရဲဘော် ၄ ဦး ကျဆုံးခဲ့ရသလို ၅ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်။ အခုလို အောင်ခါနီးမှ လေယာဉ်နဲ့ အပစ်ခံရတာဆိုတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီလေယာဉ်ကို ပြန်လည်ခုခံနိုင်ဖို့ရာ လက်နက်အဓိကလိုအပ်တယ်ဆိုတာ သက်သေပဲဗျ။ အခု ကျနော့်ရဲဘော်လေးတွေ ကျဆုံးခဲ့ရတာလည်း မြေပြင်ကရန်သူနဲ့ သူပစ်၊ ကိုယ်ပစ် ပစ်ရင်း ကျဆုံးခဲ့ရတာ မဟုတ်ဘူးဗျ။ ဒီလေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ အပစ်ခံရပြီး အခုလို ကျဆုံးခဲ့ရတာ” လို့ ပြောပါတယ်။

အခုတိုက်ပွဲမှာ လက်နက် ၂ လက် ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အခုတိုက်ပွဲကို MRDA မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ မြင်းခြံခရိုင်တပ်ရင်း-၁ နဲ့ မြင်းခြံခရိုင်တပ်ရင်း-၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013