DVB Logo
Home
မြန်မာသတင်း
မြင်းခြံ Black Tiger တပ်စခန်းကို စစ်ကောင်စီတပ် စီးနင်း၊ ရေစကြိုနှင့် မြိုင်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
March 22, 2023
မြင်းခြံ Black Tiger တပ်စခန်းကို စစ်ကောင်စီတပ် စီးနင်း၊ ရေစကြိုနှင့် မြိုင်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ မတ်လ ၂၁ ရက် မွန်းလွဲပိုင်းက မြင်းခြံ Black Tiger (MBT) တပ်ဖွဲ့ အမှတ် ၂ စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့တယ်လို့ MBT ကနေ သိရပါတယ်။

ရေစကြိုမြို့၊ ထင်းတန်းရပ်ကွက်က MBT ရဲ့ အမှတ် ၂ စခန်းကို မနေ့ မတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်သား အင်အားရာနဲ့ချီ ဝင်ရောက်စီးနင်းခဲ့ကြတာလို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစခန်းဟာ ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ရာမှာ အရေးပါတဲ့စခန်းတခုဖြစ်ပြီး သူတို့ဘက်က ဝင်စီးနေတဲ့အချိန်မှာ မိုင်းခွဲတိုက်ခိုက်ဖို့ လုပ်ပေမဲ့ သူတို့ဆီမှာ ဂျန်ဘာပါနေလို့ မိုင်းမပေါက်ကွဲခဲ့ဘူးလို့ ဆိုပါတယ်။

လက်နက်ငယ်တွေကတော့ ရဲဘော်တွေက ကိုယ်နဲ့မကွာ ဆောင်ထားတာဖြစ်လို့ လွတ်မြောက်ခဲ့ကြပေမဲ့ အဲဒီစခန်းထဲမှာထားတဲ့ လက်လုပ် ပခုံးထမ်းလောင်ချာ ၂ လက်၊ လက်လုပ် RPG တလက်နဲ့ ခဲယမ်းတွေ ဆုံးရှုံးခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

“လက်ရှိအခြေအနေမှာ ကျနော်တို့ဒေသအတွင်းကို စစ်ကောင်စီက စစ်ကြောင်းတွေထိုးနေလို့ ပြန်လည်ခုခံနေရတာကြောင့် မိဘပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းဝယ်ယူနိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းချင်တယ်။ ရေလယ်ကျွန်းဒေသမှာရှိတဲ့ MBT ရဲ့ ဌာနချုပ်ကိုလည်း မတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး ဌာနချုပ်ပတ်ပတ်လည်မှာ မိုင်းတွေဆင်ထားတဲ့အတွက် အနားကိုမကပ်ရဲတာကြောင့် ကျနော်တို့ဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်။”

ရေစကြိုမြို့နယ်အတွင်းမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေလို့ ဒေသခံပြည်သူ ၈,၀၀၀ နီးပါးလောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်ကို ဒီနေ့ မတ်လ ၂၂ ရက် မနက် ၇ နာရီခွဲလောက်က ပေကုန်း ရေတံခါးနားအရောက်မှာ ပဒေသမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်းတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ခလရ ၂၅၈ တပ်ရင်းထဲကို သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေစကြို-ပခုက္ကူ ကားလမ်းပေါ်မှာ အင်အားအများအပြားနဲ့ တပ်ဖြန့်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေကြတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ရမ်းကားပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ပကဖရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ မတ် ၂၁ ရက် မနက်နဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ က ပြောပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မင်းရွာပျူစောထီးစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မတ် ၂၁ ရက် မနက် ၁၁ နာရီလောက်က ချင်းတွင်းမြစ်ဘေးမှာ ငါးဖမ်း၊ ရေချိုးနေတဲ့အချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရေစကြိုပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရွာထဲကို စစ်ကြောင်းထိုးမွှေနှောက်နေတဲ့ ခလရ ၂၅၈ က အင်အား ၅၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းကိုလည်း ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ များပြားနိုင်ကြောင်း၊ စစ်ကောင်စီဘက်က ရမ်သန်းပစ်ခတ်တာတွေရှိပေမဲ့ ပကဖ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်တွေမှာလည်း မတ် ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွ‌ဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး PDF ရဲဘော် ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ BLack Tiger (MBT) တပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း မတ်လ ၂၁ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းနဲ့ သရက်ကန် ပျူစောထီးစခန်းကြားမှာ မတ်လ ၂၁ ရက် မနက် ၆ နာရီလောက်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲ့လို့ ၅ ယောက်လုံး သေဆုံးနိုင်တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

သရက်ကန်ပျူစောထီးရွာက ထွက်လာတဲ့ ဖောကား ၁ စီးကို မနက် ၁၀ နာရီလောက်က သရက်ကန်ပျူစခန်းနဲ့ တွင်းမပျူစခန်းကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဖောကားပျက်စီးသွားပြီး ပျူစောထီးတွေ သေဆုံး၊ ဒဏ်ရာရသူ များပြားနိုင်ပေမဲ့ အတိအကျ မသိရသေးဘဲ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

“ဒါ့အပြင် ကိုင်းတောမရဲစခန်းနဲ့ စက်မှု ၂ ကြားမှာ မွန်းလွဲ ၁ နာရီကျော်လောက်က မြိုင်မြို့ကနေထွက်လာတဲ့ စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်ပြီး စစ်ကောင်စီရဲ့ ကင်းပုန်းက အငိုက်ဖမ်းပစ်ခတ်တာကြောင့် ကျနော်တို့တပ်ရင်းက ရဲဘော်တယောက် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်မှာ မတ်လ ၁၈ ရက် ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013