DVB Logo
Home
မြန်မာသတင်း
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းဒေသခံများအတွက် နေအိမ်အလုံး ၅၀၀ လှူဒါန်း
DVB
·
March 22, 2023
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းဒေသခံများအတွက် နေအိမ်အလုံး ၅၀၀ လှူဒါန်း
Donate to DVB

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက် အကြမ်းဖက်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းမှုနဲ့အတူ နေအိမ်အလုံးပေါင်း ၅၀၀ အထိ တည်ဆောက်ပြီးစီးခဲ့ပြီလို့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

သုံးလအတွင်း အိမ်ခြေအလုံး ၅၀၀ ကို တည်ဆောက်ပေးခဲ့တာဖြစ်ပြီး ကျေးရွာပေါင်း ၃၇ ရွာအတွက် ပြန်လည်တည်ဆောက်ပေးဖို့ အိမ်အလုံး ၁,၀၀၀ ရည်ရွယ်ထားကာ စစ်ကိုင်းတိုင်းထဲမှာတော့ နေအိမ်ဆုံးရှုံးမှုက သိန်းနဲ့ချီရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း မီးဘေးသင့်ပြည်သူတွေအနေနဲ့ စားသောက်ကုန်နဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်လို့လည်း S&C မီးဘေး စစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ထူးကြီးကျေးရွာမှာရှိတဲ့ ကာလတန်ဖိုး သိန်းပေါင်း သောင်းဂဏန်းဝန်းကျင်ရှိတဲ့ ရက်ကန်းစင်ပေါင်း ရာချီနီးပါးကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရက်ကန်းစင်တွေ မီးလောင်ဆုံးရှုံးကုန်ပြီး S&C အဖွဲ့အနေနဲ့ အလှူရှင်တွေနဲ့ စုပေါင်းကာ လစဉ် ရက်ကန်းစင် ၁၀ စင်နှုန်းနဲ့ ပြန်လည်ကူညီထောက်ပံ့ပေးခဲ့ ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းပြုစုချက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တလတာအတွင်း စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၇၃ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၆,၆၆၂ လုံးအထိ ရှိခဲ့ပြီး ထိခိုက်ပျက်စီးခဲ့တဲ့ ဘာသာရေး အဆောက်အဦမျိုးစုံ ၄ လုံးနဲ့ စာသင်ကျောင်း ၁၀ ကျောင်း၊ ဆေးရုံနဲ့ ကျေးလက်ဆေးပေးခန်း ၂ ခု ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013