DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်တပ်က နေအိမ် ၁၅၀ ခန့်မီးရှို့၊ လူငယ် ၁ ဦးကို ပစ်သတ်၊ ပုလောမြို့နယ်၌ တိုက်ပွဲဖြစ်
DVB
·
March 22, 2023
လောင်းလုံးတွင် စစ်တပ်က နေအိမ် ၁၅၀ ခန့်မီးရှို့၊ လူငယ် ၁ ဦးကို ပစ်သတ်၊ ပုလောမြို့နယ်၌ တိုက်ပွဲဖြစ်
1 / 6
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာတွေက နေအိမ် ၁၅၀  လောက်ကို  စစ်ကောင်စီတပ်က မတ်လ ၂၁ ရက် နေ့လယ်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

အင်အား ၅၀ ထက်မနည်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်မတ္တပ်ရွာအနီးက ပင်လယ်ပြင်မှာ ရပ်နားထားတဲ့ ရေတပ်စစ်သင်္ဘောကနေတဆင့် မနက် ၁၁ နာရီကျော်လောက်မှာ ညောပြင်ကျေးရွာထဲကို ရောက်လာခဲ့ကြပြီး ရွာခံတွေကတော့ စစ်သားတွေ ရွာထဲမရောက်ခင်ကတည်းက ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြပါတယ်။

အခုလို မီးရှို့ဖျက်ဆီးတာကြောင့် ညောပြင်ကျေးရွာက နေအိမ် အနည်းဆုံး ၉၆ လုံးနဲ့ အနီးအနားရှိ အောက်ကျောက်ဝပ်ကျေးရွာက နေအိမ် ၅၀ လောက် မီးလောင်ပြာကျခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောပြင်ကျေးရွာကနေ မီးရှို့ပြီးအပြန်မှ လမ်းမှာရှိတဲ့ အောက်ကျောက်ဝပ်ကျေးရွာထဲက နေအိမ်တွေကို မီးဝင်ရှို့ခဲ့ကြတာလို့လည်း သိရပါတယ်။

ဒါ့အပြင် ၅ မိုင်ခန့်ဝေးတဲ့ ကျောက်နီမော်ကျေးရွာကနေလည်း ကားသုံးစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်ရောက်ရှိလာခဲ့ပြီး နေအိမ်တွေထဲက ပစ္စည်းတွေကို ကားနဲ့တင်ပြီး ယူသွားကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ညောပြင်ရွာခံလူငယ်တဦးကတော့ "ရွာနားမှာ တိုက်ပွဲလည်းမဖြစ်ဘူး၊ သူတို့ အင်အားရှိနေ တဲ့အချိန်မို့လို့ သက်သက်လာပြီးရှို့သွားတာ။ အိမ်တွေထဲမှာလည်း လိုချင်တာတွေရှာပြီး ယူသွားတယ်၊ အကုန်လုံးထွက်ပြေးနေရတော့ ဘာတွေယူသွားမှန်းလည်း သေချာမသိဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်ကျောက်ဝပ်ကျေးရွာမှာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတဦးကိုလည်း ဖမ်းဆီးပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာလည်း မင်းထိန်ရွာကနေ ပဝတ်ဖျားရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက မတ်လ ၂၁ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပဝတ်ဖျားရွာသို့ အင်အား ၂၀၀ လောက်နဲ့ နေ့လယ်ပိုင်းမှာ စစ်ကြောင်းချီလာတာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဝင်ရဲဘော်တစ်ဦးက“စခတွေက ပဝတ်ဖျားရွာကို စစ်ကြောင်းထိုးလာတယ်။ ကျနော်တို့ ဘက်က လက်ဦးမှုရသွားတော့ သူတို့ဘက်က ထိခိုက်ဒဏ်ရာရပြီး ပြန်ဆုတ်သွားကြတယ်”လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က  ၁၅ ဦးသေဆုံးပြီး အယောက်  ၂၀ ထိခိုက်ဒဏ်ရာရကာ ဒေသခံကာကွယ်ရေးအဖွဲ့ဘက်က ၂ ဦးလက်နက်ကြီးစင်ပြီး ထိခိုက်ဒဏ်ရာရတယ်လို့ ပြောပါသေးတယ်။

မြိတ်ခရိုင်တပ်ရင်း ၁သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက  “တိုက်ပွဲမှာ သူတို့ဘက်က ၄၀ မမနဲ့ တရစပ်ပစ်လို့ ကျနော်တို့လူနှစ်ယောက် လက်နက်ကြီးစင်ပြီး ထိခိုက်ဒဏ်ရာရတယ်။ စခတွေက အထိနာတော့ ပဝတ်ကုန်းမှာရှိတဲ့ သူတို့ရဲ့ အထိုင်စခန်းကို ပြန်ဆုတ်သွားတယ်လို့ ထင်တယ်”လို့ပြောပါတယ်။

ပဝတ်ဖျားရွာမှာရှိတဲ့ ဒေသခံတွေဟာ ဒီကနေ့မနက်စောစောမှာ ရွာလုံးကျွတ်နီးပါး စစ်ရှောင်ခဲ့ကြတယ်လို့ ပြောပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သားတွေက ပုလောမြို့နယ်ထဲမှာရှိတဲ့ တပိုရွာ၊ ဇရပ်ဆိပ်ရွာနဲ့ မင်းထိန်ရွာထဲသို့ စစ်ကြောင်းထိုးလာပြီး ဒေသခံတွေကို ခေါ်ယူဖမ်းဆီးစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013