DVB Logo
Home
မြန်မာသတင်း
NLD ပါတီအစည်းအဝေးကျင်းပ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကြိုးပမ်းရန် ဆုံးဖြတ်
DVB
·
March 21, 2023
NLD ပါတီအစည်းအဝေးကျင်းပ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကြိုးပမ်းရန် ဆုံးဖြတ်
Donate to DVB

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ကြိုးပမ်းအားထုတ်ကြဖို့ မတ်လ ၂၁ ရက် ပြုလုပ်တဲ့ အန်အယ်လ်ဒီ ဒုတိယဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က “ဗမာအပါအဝင် ညီနောင် တိုင်းရင်းသားများ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် မတရားဖမ်းဆီးခံထားရတဲ့ ကျနော်တို့ရဲ့ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပြီး နိုင်ငံအတွက်အရေးပါတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ stakeholders များ စုံညီစွာနဲ့ ညှိနှိုင်း ဆောင်ရွက်ပြီး ပြည်ထောင်စုအရေးကို အနှစ်သာရအရပါ ပြောင်းလဲနိုင်ရေးအတွက် ကျရာကဏ္ဍကနေ နည်းလမ်းစုံနဲ့ ဖြောင့်မတ်မှန်ကန်တဲ့စေတနာ၊ ခိုင်မာတောင့်တင်းတဲ့ စည်းလုံးမှု၊ ရဲရင့်တည်ကြည်တဲ့ သတ္တိ တို့နဲ့ဆက်လက်လျှောက်လှမ်းသွားကြပါစို့” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ရန်၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆောင်ရွက်ရာမှာ ပါတီအကျိုးထက် ပြည်သူ့အာဏာကို ပြည်သူတွေဆီ ပြန်လည်အ ပ်နှင်းနိုင်ရေးအတွက်အဓိကထားပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားဖို့လည်း အစည်းအဝေးကနေ ဆုံးဖြတ်ထားပါတယ်။

ဒုတိယဗဟိုကော်မတီ တတိယပုံမှန် အစည်းအဝေးကျင်းပပြီးနောက်ပိုင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်ကနေ ဒီနေ့အထိ ဗဟိုအလုပ်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေ၊ ထုတ်ပြန်ကြေညာချက်တွေကို ထောက်ခံအတည်ပြုဖို့ စတဲ့ ဆုံးဖြတ်ချက် ၁၁ ခုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လိုအပ်လာရင် စုစည်းထားတဲ့ ဗဟိုအလုပ်ကော်မတီကို တိုးချဲ့အင်အားဖြည့်နိုင်ရေး အလေးအနက်ထားဖို့ကိုလည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးကို ဒီမနက်ပိုင်းမှာ ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက အဖွဲ့ချုပ်ဗဟိုကော်မတီဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်ကော်မတီဝင်တွေ၊ ဗဟိုရေးရာကော်မတီဝင်တွေနဲ့ ဖိတ်ကြားထားတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေတက်ရောက်ကြတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေအပါအဝင် လွှတ်တော်အမတ်တွေ ပြည်နယ်နဲ့တိုင်း၊ မြို့နယ်နဲ့ ရပ်ကျေးအဆင့် အန်အယ်လ်ဒီ ခေါင်းဆောင်တွေ အများအပြားကို  စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသလို ပါတီဌာနချုပ် အပါအဝင် နိုင်ငံတဝန်းက ပါတီရုံးတွေကိုလည်း ချိတ်ပိတ် ဖျက်ဆီးပြီး အပြင်းအထန် ဖိနှိပ်ထားတာ ဖြစ်ပါတယ်။ 

အန်အယ်လ်ဒီပါတီအနေနဲ့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်မှာ မဟုတ်ကြောင်း၊ စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသိအမှတ်မပြုကြောင်းနဲ့ ပါတီပြန်ပြီး မှတ်ပုံတင်မှာ မဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013