DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းကကျင်းပသည့် ဘားကမ့် ၂၀၂၃ ဆွေးနွေးပွဲတွင် မြန်မာလူငယ် ၂၀၀၀ ကျော် ပါဝင် ဆွေးနွေး
DVB
·
March 21, 2023
အွန်လိုင်းကကျင်းပသည့် ဘားကမ့် ၂၀၂၃ ဆွေးနွေးပွဲတွင် မြန်မာလူငယ် ၂၀၀၀ ကျော် ပါဝင် ဆွေးနွေး
Donate to DVB

အင်တာနက်ရတဲ့ ဘယ်နေရာကမဆို ပါဝင်ဆွေးနွေးပြောကြားနိုင်တဲ့ ဘားကမ့် ၂၀၂၃ ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်က ကျင်းပသွားရာမှာ မြန်မာနိုင်ငံ ဒေသအနှံ့က လူငယ်ပေါင်း ၂၀၀၀ ကျော်လောက် ပါဝင်တက်ရောက် ဆွေးနွေးခဲ့တယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။

Work Adventure နဲ့ Jitsi အွန်လိုင်းပလက်ဖောင်းတွေကနေ  VarCamp 2.0   ခေါင်းစဉ်နဲ့   ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပခုက္ကူ၊ တောင်ကြီး၊ တောင်ငူ၊ ပုသိမ်နဲ့ မိုးကုတ်စတဲ့ အခန်း ၈ ခန်း ပြုလုပ်ပေးထားရာမှာ လူငယ်တွေ ထောင်ချီပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လူငယ်တွေအတွက် အလုပ်အကိုင် သက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းစတွေကို နယ်ပယ်စုံက ကျွမ်းကျင်သူပေါင်း ၄၀ ကျော်နဲ့အတူ နည်းပညာဆိုင်ရာ ခေါင်းစဥ်ပေါင်း ၄၀ ဝန်းကျင်ကို တက်ရောက်သူတွေက ပါဝင်ဆွေးနွေးခဲ့တယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။

Virtual Camp ဖြစ်တဲ့ VarCamp ဟာ အပြင်မှာကျင်းပတဲ့ BarCamp ပွဲတွေအတိုင်းဖြစ်ပြီး ထူးခြားတာကတော့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ကာလမှာ အင်တာနက်တဆင့် Virtual Camp အနေနဲ့ ကျင်းပခဲ့ကြတဲ့အတွက် အင်တာနက်ရှိတဲ့ ကမ္ဘာ့ဘယ်နေရာကမဆို ပါဝင်ဆင်နွှဲနိုင်တာပဲဖြစ်ပါတယ်။

အခုလို ကာလမျိုးမှာ ကျောင်းလည်းနားထားရတော့ ရှေ့ဆက်အသက်မွေးဝမ်းကျောင်းလုပ်ဖို့ လမ်းပြမယ့်သူမရှိပဲဖြစ်နေရာကနေ အခုလို အွန်လိုင်းကနေ ဘားကမ့်ကျင်းပတာကို တက်ရောက်ခဲ့တဲ့အတွက် အများကြီးအမြင်ပွင့်သွားတယ်လို့ VarCamp 2.0 ကို ပါဝင်တက်ရောက်ခဲ့သူတဦးက ဒီဗွီဘီကိုပြောပါတယ်။

VarCamp ဆိုတာ ပုံမှန် ဟောပြောဆွေးနွေးပွဲတွေလို တစ်ချိန်တည်း အကြာကြီး ထိုင်နားထောင်နေရတာ၊ တစ်ယောက်တည်းက ပြောတာကိုပဲနားထောင်နေရတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ဆွေးနွေးပေးဖို့ စိတ်ပါရင် နှစ်သက်ရာ အဆိုပြုခေါင်းစဥ်တစ်ခုနဲ့ လူငယ်တွေကို ဝင်ရောက်ဆွေးနွေးနိုင်တာဖြစ်ကာ လွတ်လပ်ပေါ့ပါးပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရပ်ဝန်းတစ်ခုမှာ မိမိတို့ စိတ်ဝင်စားရာ အကြောင်းအရာတွေ နည်းပညာ အသစ်အသစ်တွေ ရင်ဘတ်ချင်း တူတဲ့သူတွေနဲ့ ထိတွေ့ရင်းနှီးခွင့်ရဖို့ အကောင်းဆုံး ပွဲတစ်ခုဖြစ်တယ်လို့လည်း ပွဲစီစဉ်သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဘားကမ့်ရန်ကုန် (BarCamp Yangon 2010) ကို ၂၀၁၀ ပြည့်နှစ်မှာ နည်းပညာအသိုင်းအဝိုင်းက လူငယ်တွေဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ နိုင်ငံအနှံ့နဲ့  မြို့ကြီးတွေမှာ ဘားကမ့်ကျင်းပဖို့ စိတ်ဝင်စားကြတဲ့ လူကြီး လူငယ်တွေ စုပေါင်းပြီး မြို့အလိုက် ဘားကမ့်ပွဲတွေ နှစ်စဉ်ဆိုသလို ကျင်းပခဲ့ကြတာ ကိုဗစ်ရောဂါ ကပ်ဘေးမတိုင်ခင်အထိ ဖြစ်ပါတယ်။

အဲ့ဒီကာလအတွင်းမှာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ IT-Camp, ဓာတ်ပုံပညာရှင်တွေရဲ့ Photo Camp ၊ နည်းပညာ အသိုင်းအဝိုင်းရဲ့ Ubuntu Camp, Arduino Camp စတဲ့ သက်ဆိုင်ရာ နယ်ပယ်တွေအလိုက် ဘားကမ့်ပွဲတွေလည်း ပြုလုပ်နိုင်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ လက်ရှိ အခြေအနေအရ မြေပြင်ဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးတဲ့ အချိန်အခါဖြစ်တာကြောင့် အွန်လိုင်းကနေ VarCamp (Virtual Camp) ကို ဘားကမ့်ပါ လက်ဟောင်းလက်သစ်တွေ ပူးပေါင်းအားထုတ်ပြီး ကျင်းပလာခဲ့တာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ် နှစ်ကြိမ်တိုင် ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - VarCamp

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013