DVB Logo
Home
မြန်မာသတင်း
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ် အင်ဒိုနှင့် ထိုင်းသို့ သွားရောက်၊ ပိုမိုဆိုးဝါးလာသည့် မြန်မာ့အရေး ဆွေးနွေးမည်
DVB
·
March 20, 2023
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ် အင်ဒိုနှင့် ထိုင်းသို့ သွားရောက်၊ ပိုမိုဆိုးဝါးလာသည့် မြန်မာ့အရေး ဆွေးနွေးမည်
Donate to DVB

အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့အကျပ်အတည်းတွေကို ဖြေရှင်းဖို့အပါအဝင် ဒေသဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မတ် ၂၀ ရက်ကနေ ၂၄ ရက်အထိသွားရောက်မယ့် အာဆီယံဒေသ ခရီးစဉ်အတွင်း ဂျာကာတာမှာတော့   ဒဲရက်ချောလက်ဟာ အင်ဒိုနီးရှားအစိုးရ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အမေရိကန်-အင်ဒိုနီးရှား မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးနဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေကို ထပ်လောင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံရဲ့ ရည်မှန်းချက်တွေကိုလည်း ဆွေးနွေး သွားမှာဖြစ်ကာ အာဆီယံအပေါ် အမေရိကန်ရဲ့ ကတိကဝတ်တွေ၊ ပံ့ပိုးကူညီမှုတွေ ရပ်တည်မှုတွေကိုလည်း အလေးပေးဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်ခရီးစဉ်မှာတော့ ဒဲရက်ခ်ချောလက်ဟာ ထိုင်းအစိုးရ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီးတော့ အမေရိကန်-ထိုင်း မဟာမိတ်ဆက်ဆံရေးဆိုင်ရာ ကိစ္စတွေနဲ့အတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် လုပ်ဆောင်နိုင်ရေး ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ် ချောလက်ဟာ ဒီခရီးစဉ်အတွင်းမှာ အစိုးရနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ ပြည်သူတွေကြား ဆက်ဆံရေးမြှင့်တင်ရန်ဖို့နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေကို မြှင့်တင်နိုင်ရေးအတွက် အင်ဒိုနီးရှားနဲ့ ထိုင်း နှစ်နိုင်ငံလုံးက လူငယ်ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ထိတွေ့နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတာကို နောက်ထပ် ၁ နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ သမ္မတအိမ်ဖြူတော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒီအရေးပေါ်အခြေအနေကိုတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရထံကနေ အာဏာလုယူပြီးနောက်  ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အမိန့် အမှတ် ၁၄၀၁၄ အရ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်တဲ့ ထူးကဲတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက်ကနေ ၉ ရက်အထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဟာ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမြို့ကို အလုပ်သဘော သွားရောက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ချောလက် အပါအဝင် အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတကာ အကူအညီတွေရရှိရေး ဆွေးနွေးခဲ့တယ်လို့ (CRPH)က ထုတ်ပြန်ထားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အမေရိကန်အစိုးရနဲ့ အမေရိကန်နိုင်ငံရှိ နိုင်ငံတကာ အဖွဲ့အစည်းတွေထံက ထိရောက်တဲ့ ပံ့ပိုးကူညီတွေရရှိရေးနဲ့ နှစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုတွေ  တိုးမြှင့်လုပ်ဆောင်ရေး ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဒဲရက်ခ် ချောလက်ကလည်း ဦးအောင်ကြည်ညွန့်နဲ့တွေ့ဆုံရာမှာ မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ အကြောင်းနဲ့ ဘားမားအက်ဥပဒေကို အကောင်အထည်ဖော်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013