ရန်ကုန်တိုင်း၊ မှော်ဘီ စစ်တပ်အုပ်ချုပ်မှုသင်တန်းကျောင်းမှာ မတ်လ ၂၀ ရက် ဒီနေ့ မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဇနီး သားသမီးတွေကို ယဥ်ကျေးလိမ္မာသင်တန်းပေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က မိန့်ခွန်းတွေမှာ စစ်သားများ အရက်သေစာသောက်စားတာတွေ၊ မိုက်ရိုင်းဆဲဆိုတာတွေမလုပ်ဖို့ ယဥ်ကျေးလိမ္မာဖို့ ပြောခဲ့ပြီးနောက် တိုင်းစစ်ဌာနချုပ်များတွင် ယဥ်ကျေးလိမ္မာသင်တန်းဖွင့်တာဖြစ်တယ်လို့ စစ်မှုထမ်းဟောင်းတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“စစ်တပ်က လူတွေကို ၃၈ ဖြာမင်္ဂလာတရား သွားသင်နေလည်း အပိုပဲ။ တချို့ဆို မတက်ချင် တက်ချင်နဲ့ တက်ရတာ။ ဒီနေ့မနက် သင်တန်းလုပ်နေရင်းတောင် မူးပြီးဆဲတဲ့ တပ်ကြပ်တစ်ဦးကို အချုပ်ချထားရတယ်။ တိုက်မယ် ခိုက်မယ်ဆိုပြီး တပ်ထဲဝင်လာတဲ့သူတွေကို ဘုရား တရား လုပ်ခိုင်းတယ်ဆိုတော့ အဆင်မပြေဘူး”လို့ ပြောပါတယ်။
မှော်ဘီ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းမှာ မတ်လ ၂၀ ရက်မှ ၃၁ ရက်အထိ ၁၀ ရက်တာ ယဥ်ကျေးလိမ္မာသင်တန်းကို စစ်တပ်မှ ကလေးငယ်များနဲ့အတူ အရာခံဗိုလ်မှ စတင်ကာ တပ်သားအထိ တက်ရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ခမရ ရော ခလရ ရောတက်ရတယ် အရာခံဗိုလ်ကစပြီး တပ်သားအဆင့်အထိ တက်ရတယ်။ ကလေးတွေနဲ့အတူပေါ့ မင်းအောင်လှိုင်က အရိပ်အမြွက်လောက်ပဲ ပြောတာ။ မျက်နှာလိုချင်တော့ တိုင်းမှူးတွေက သူ့စကားအတိုင်းလုပ်တာ” လို့ ပြောပါတယ်။
အဆိုပါယဥ်ကျေးလိမ္မာသင်တန်းကို ဓမ္မဂုဏ်ရည်ဆရာတော်က ဦးဆောင်ဟောပြောပြီး အုပ်ချုပ်မှုသင်တန်းကျောင်းများမှ အရာရှိကြီးတွေကလည်း သင်ပေးတာတွေရှိတယ်လို့ သိရပါတယ်။
ဒီနှစ် ဇန်နဝါရီလပိုင်းကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ပဲခူတိုင်းကို ရောက်လာပြီး မိန့်ခွန်းပြောခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်းတပ်ဖွဲ့များ အားလုံး ယဥ်ကျေးလိမ္မာသင်တန်း တက်ခဲ့ပါတယ်။