
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ မတ် ၁၉ ရက် မနေ့က တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၃ ကြိမ် တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။
မနေ့မနက် ၁၁ နာရီလောက်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကနေ မွန်ပြည်နယ် သထုံမြို့နယ်ထဲ မောင်းဝင်လာတဲ့ စစ်ကောင်စီတပ် ကားကြီး နှစ်စီးကို ဝါးဘိုးတောကျေးရွာနဲ့ ဒူရင်းဆိပ်ကျေးရွာကြားမှာ KNLA ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့တာပါ။
အဲဒီနေ့ နေ့လယ် ၁ နာရီလောက်မှာလည်း သထုံမြို့နယ် ဒူးရင်းဆိပ်တံတားရဲကင်းနဲ့ အမှတ် (၄၀၂) အမြောက်တပ်အနီး ကော့စတစ်စက်ရုံမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာပါ။
ဒူးရင်းဆိပ်တံတားရဲကင်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်မှုမှာတော့ ထိခိုက်သေဆုံးမှု ဆက်လက်စုံစမ်းနေတယ်လို့ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီးနောက် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်၊ ဒူးရင်းဆိပ်ကျေးရွာအနီး ပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကလည်း သထုံမြို့နယ် အဝန်းကြီးကျေးရွာထဲကို စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် မောင်သကြား ကျည်ထိမှန် သေဆုံးထားပါတယ်။