DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ဝက်လက်မြို့နယ်က နေအိမ် ၂၇၀ ခန့်ကို စစ်တပ်က မီးရှို့
DVB
·
March 20, 2023
မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ဝက်လက်မြို့နယ်က နေအိမ် ၂၇၀ ခန့်ကို စစ်တပ်က မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ မတ် ၁၈ ရက်နေ့ နေ့လယ်က စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းတွေ၊ Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူ များပြားနိုင်တယ်လို့ မြောင်အထူးကာကွယ်ရေးတပ်ဖွဲ့-MSPDF ကနေ သိရပါတယ်။

မြောင်မြို့နယ် ရေလယ်ကျွန်းဒေသက သာဂေါင်ရွာနဲ့ မင်းလှရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီရဲ့ အင်အား ၂၀၀ လောက်ပါ တပ်မ ၉၉ ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို ဒရုန်းနဲ့ "Air Bomb" ၃လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ MSPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းကို MSPDF က တီထွင်ထုတ်လုပ်ထားတဲ့ တာဝေးပစ် Rocket ၅ လုံးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို "ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေး" လို့ အမည်ပေးထားပြီး Shar Htoo Waw နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone တွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ များပြားနိုင်ပေမယ် အတိကျမသိရသေးလို့ ဆက်လက် စုံစမ်းတာတွေပြုလုပ်နေတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို MSDF နဲ့အတူ CDSOM-001၊ အညာသားပြောက်ကျားတပ်ဖွဲ့၊ ဖီးနစ်ပြောက်ကျားတပ်ဖွဲ့၊ CHU PDF၊ မင်းကင်းပြောက်ကျားတပ်ဖွဲ့-MGF တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ပေမဲ့ ဂျန်ဘာနဲ့ပစ်ခတ်ခံရလို့ Fixed Wing Drone တစင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ သမ္မရိုးစံပြကျေးရွာကို မတ် ၁၇ ရက်က စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်နဲ့  စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်ပေါင်း ၂၆၉ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အဖွားအိုတဦးလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကိုလွင်မိုးသန့်က ပြောပါတယ်။ 

“ဒီစစ်ကြောင်းက ရွာသာကြီးကနေလာတဲ့ စစ်ကြောင်း၊ သမ္မရိုးရောက်မှ မီးရှို့တာ၊ သမ္မရိုးမှာ အိမ်ခြေ ၂၆၉ အိမ်ပါသွားတယ်။ ဘုန်းကြီးကျောင်း ၁ ကျောင်း ပါသွားတယ်။ အသက် ၇၈ နှစ်အရွယ် အဘွားအိုတဦးလည်း မပြေးနိုင်လို့ မီးထဲပါသွားတယ်။”

ဝက်လက်မြို့နယ်လူထုသပိတ် တိုက်ပွဲ ကော်မတီက ဦးဆောင်ကာ သမ္မရိုးရွာအတွက် ဆန်၊ ဆီ၊ ဆား၊ ရိက္ခာကအစ ပြန်လည်တည်ဆောက်ရေးအတွက် ဝါးတို့၊ ထန်းရွက်တို့ ဝယ်ဖို့အတွက် ကြိုးပမ်းပေးနေတယ်လို့ ဆိုပါတယ်။

“လက်ရှိမှာတော့ မီးဘေးသင့် ပြည်သူတွေဟာ စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့၊ အမျိုးအိမ်တို့၊ တောတွေထဲ နီးစပ်ရာမှာ နေကြတယ်။ သမ္မရိုးရွာက စံပြကျေးရွာဆိုတော့ သုံးပုံ ၂ ပုံလောက် ကုန်သွားတယ်။ တော်တော်များများ ဆုံးရှုံးတယ် ပြောလို့ရတယ်” လို့ ကိုလွင်မိုးသန့်က ပြောပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူတွေကို ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲကော်မတီနဲ့ ပအဖ အဖွဲ့တွေကရဲ့ ကူညီစောင့်ရှောက်မှုကလွဲပြီး လူသားခြင်းစာနာမှုအတွက် ကူညီမယ့် အဖွဲ့အစည်းတွေ မရှိတာကြောင့် အကူညီပေးစေချင်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ သမ္မရိုးစံပြကျေးရွာရှိ ပြည်သူတွေအတွက် အရေးပေါ် ဆန်၊ ဆီ၊ ဆား အစရှိတဲ့ စားနပ်ရိက္ခာအပါအဝင်  ယာယီနေအိမ်တွေ ပြန်လည် ဆောက်လုပ်ဖို့ အမိုးအကာ၊ ဝါး၊ ထရံ၊ တိုင်၊ ထန်းရွက် စတာတွေ လိုအပ်နေပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ပြည်သူတွေရဲ့ နေအိမ်ပေါင်း ၆၀,၄၅၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၄၇,၇၇၈ လုံး၊ မကွေးတိုင်းမှာ ၉,၀၁၉ လုံး၊ ချင်းပြည် နယ်မှာ ၁,၄၈၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂,၁၇၇ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013