DVB Logo
Home
မြန်မာသတင်း
ရေစကြို၊မြိုင်နှင့်မြောင်မြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်၊ ဂန့်ဂေါဒေသခံတဦး ပစ်သတ်ခံရ
DVB
·
March 20, 2023
ရေစကြို၊မြိုင်နှင့်မြောင်မြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်၊ ဂန့်ဂေါဒေသခံတဦး ပစ်သတ်ခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုနဲ့ မြောင်မြို့နယ်တွေမှာ မတ် ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဘက်က ၆ ယောက်ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး PDF ရဲဘော် ၂ ယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံ BLack Tiger(MBT) တပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုနဲ့ မြောင်မြို့နယ်အစပ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီရဲ့ တပ်မ (၉၉) ကအင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုးမွှေနှောက်နေလို့ မတ် ၁၈ ရက်နေ့အထိ ၃ ရက်ဆက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ် အစပ်က ငရံ့အိုကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ(၉၉)က အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ ဆေးခန်းနားနေဆောင်တခုကို မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာကိုမီးရှို့မှာစိုးလို့ မတ် ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘီးတပ်လောင်ချာတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

“တိုက်ပွဲအတွင်းမှာ အထိနာသွားတဲ့ စစ်ကြောင်းဟာ ကျနော်တို့ရဲ့ ဌာနချုပ်စခန်းကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ကြတယ်။ ကျနော်တို့ ဌာနာချုပ်မှာက မိုင်းတွေဆင်ထားတော့ သူတို့ အနားကို မကပ်ရဲဘဲ ခပ်လှမ်းလှမ်းကနေပဲ ပစ်သွားကြတာဗျ။ ကျနော်တို‌ေဘက်က ရဲဘော်တွေကတော့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်။  ကျနော်တို့ရဲ့ ဌာနချုပ်စခန်းနဲ့ ကင်းစခန်း ၂ ခု ဝင်စီးခံရတာကို မကျေနပ်လို့ မနေ့က ည ၇ နာရီလောက်မှာ ရေစကြိုမြို့ အမှတ် ၂ စည်ပင်သာယာရပ်ကွက်က ရုံးပေါင်းစုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တာဝေးပစ်ရှေ့ထွက်လောင်ချာတွေ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။”

မတ် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာလည်း ရေလယ်ကျွန်းဒေသကို အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၄၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

မြိုင်မြို့နယ်မှာလည်း မတ် ၁၈ ရက်နေ့ ညနေက စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

ပေါက်မြို့နယ်ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို သရက်ကန်ပျူစောထီးစခန်းအနောက်ဘက် သူကြီးရိုးခင်တန်းနားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ် ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်  ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ၅ ယောက်ကတော့ အပြင်းထန်ဒဏ်ရာရရှိကာ သရက်ကန်ရွာ ပျူစောထီးစခန်းထဲကို ဝင်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း(၁)၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၄) စက်ြာဒေသကာကွယ်ရေးတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဗိုလ်လက်ယာကပြောပါတယ်။

ပေါက်မြို့နယ်မှာလည်း မတ် ၁၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို Dvb က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

ဂန့်ဂေါမြို့နယ်မှာတော့ ပြည်သူတယောက်ကို စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ရှောက်ပင်ကျေးရွာမှာ ကင်းပုန်းလာဝပ်တဲ့ အင်အား ၁၀၀ ကျော်ပါ ခလရ(၅၀) စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ရှုံရှီကျေးရွာသား အသက် ၄၅ နှစ်အရွယ် ကိုကျော်သူကို ရှောက်ပင်ရွာရဲ့ တောင်ဘက်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့ကြတာလို့ ရှောက်ပင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းက သေနတ် တချက်မှမဖောက်ဘဲ တိတ်တဆိတ် စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးလို့ ရွာသားတွေအားလုံး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုကျော်သူရဲ့ အလောင်းကိုတော့ ဒေသခံပြည်သူတွေစုပေါင်းကာ အရဲစွန့်ပြီး သွားရောက်ထုတ်ယူကာ မတ် ၁၉ ရက်နေ့မနက်မှာ သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ဝေးတဲ့နေရာတွေမှာ ဒေသခံတွေ နေထိုင်ကြဖို့နဲ့ လမ်းပိုင်းဆိုင်ရာအသုံးပြုမှု သတိပေးချက်တွေကို တသွေမတိမ်းလိုက်နာပေးကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013