DVB Logo
Home
မြန်မာသတင်း
နိုလင်းဟေဇာ၏ အစီရင်ခံစာ မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရန် တွန်းအားဖြစ်စေနိုင်ဟု NUG ပြော
DVB
·
March 20, 2023
နိုလင်းဟေဇာ၏ အစီရင်ခံစာ မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရန် တွန်းအားဖြစ်စေနိုင်ဟု NUG ပြော
Donate to DVB

ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်သွင်းခဲ့တဲ့ ဒေါက်တာနိုလင်းဟေဇာရဲ့ မြန်မာ့အရေး အစီအရင်ခံစာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက  မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို  အရေးယူရာမှာ တွန်းအားဖြစ်လာဖို့ မျှော်လင့်တယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။ 

မတ်လ ၁၆ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာက မြန်မာ့အရေးအတွက် အစီရင်ခံစာတင်သွင်းခဲ့တာပါ။

ဒီအစီအရင်ခံစာမှာပါဝင်တဲ့အချက်တွေဟာ စစ်ခေါင်းဆောင်တွေကို အရေးယူရာမှာ တွန်းအားဖြစ်လာဖို့မျှော်လင့်ကြောင်းနဲ့ စစ်ကောင်စီရဲ့ သတ်ဖြတ်မီးရှို့မှုတွေကို ကမ္ဘာ့နိုင်ငံတွေက လစ်လျူရှုလို့ မရနိုင်တော့တဲ့ အခြေအနေလည်း ဖြစ်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ကလည်း ICC ကို လွှဲပြောင်းပေးဖို့အတွက် လုပ်ကိုင်နိုင်ပါတယ်။ သူတို့တိုင်းပြည်တွေမှာလည်း Under the Universal Jurisdiction ကနေ တရားစွဲဆိုဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေအသီးသီးကတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့အ တွက်လည်း ဆက်လက်တိုးချဲ့လုပ်ကိုင်သင့်တယ်ဆိုတာ ပြောကြားချင်ပါတယ်။"

မြန်မာနိုင်ငံမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးသတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့တဲ့အကြောင်းနဲ့ နောက်တကြိမ် နေပြည်တော်သွားဖို့ကတော့ အကျိုးရှိမှပဲ သွားတော့မယ်လို့ ကုလညီလာခံအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ နိုလင်းဟေဇာက ပြောပါတယ်။

ဒေါက်တာနိုလင်းဟေဇာ  "ကျမနေပြည်တော်ကို သွားတဲ့အချိန်တုန်းကလည်း စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးနေတာတွေဟာ မလိုအပ်ဘဲ ချက်ချင်းရပ်တန့်လို့ရတဲ့ ကိစ္စတွေဖြစ်တယ်ဆိုတာ ကျမအလေးအနက်ပြောခဲ့ပါတယ်။ အာဆီယံကလည်း ဒီလုပ်ငန်းစဉ်တွေကို သူတဖွဲ့တည်း လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒေသအလိုက် ကြိုးပမ်းမှုပုံစံနဲ့ သွားရမှာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာ့အရေးဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒအတိုင်း မြန်မာနိုင်ငံကဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ အရေးကြီးပါတယ်။ ကျမတို့က ဒေသတွင်းနိုင်ငံတွေတင်မကဘဲ နိုင်ငံတကာက ပူးပေါင်းကူညီးဆောင်ရွက်ပေးဖို့လဲလိုပါတယ်။ ဒီနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ချမှတ်နိုင်လိုက်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကျမ တော်တော်လေးအားရပါတယ်။"

မြန်မာနိုင်ငံတွင်းမှာ ပြည်သူတွေကိုအကြမ်းဖက်နှိပ်စက်သက်ဖြတ်နေတဲ့ စစ်ခေါင်ဆောင်နဲ့ အပေါင်းပါတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ) က အရေးယူဖို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က တောင်းဆိုလိုက်ပါတယ်။

"အပြစ်မဲ့တိုင်းရင်းသားပြည်သူလူထု၊ သံဃာတော်တွေပါအပါအဝင်၊ အမျိုးသမီး၊ ကလေး၊ လူကြီး၊ လူအို၊ မသန်စွမ်းသူတွေပါမချန် ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်တွေ၊ ကိုယ်ထိ လက်ရောက်ကျူးလွန်တဲ့လူတွေပါအားလုံးကို အရေးယူနိုင်ဖို့အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ မြန်မာနိုင်ငံရဲ့အခြေအနေ စစ်ဆေးအရေးယူနိုင်ဖို့နဲ့ လုံခြုံရေးကောင်စီက စစ်ဆေးအရေးယူနိုင် ဖို့အတွက် တောင်းဆိုပါတယ်။ အဲ့ဒီအတွက် မစ္စနိုလင်းဟေဇာရဲ့ အစီရင်ခံစာက တွန်းအားတခုဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးကို ဒေသတွင်းအာဆီယံနိုင်ငံတွေက ညှိနှိုင်းကူညီဖြေရှင်းပေးဖို့ ကုလကတိုက်တွန်းခဲ့ပြီးနောက် အာဆီယံနိုင်ငံတွေက မြန်မာအရေး ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ခဲ့ပါတယ်။

ဘုံသဘောတူညီချက်တွေချမှတ်ရာမှာ စစ်ခေါင်းဆောင်ကိုယ်တိုင်တက်ရောက်  သဘောတူခဲ့တာ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ ဒီအချက်တွေကို တချက်မှ မလိုက်နာဘဲ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကြားဝင်ဖြေရှင်းနိုင်ဖို့ ဒေါက်တာနိုလင်းဟေဇာဟာ ၂၀၂၂ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပေမယ့် ထူးခြားတဲ့ရလဒ်မရရှိခဲ့ပါဘူး။ 

လတ်တလောမှာတော့ မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းနဲ့အဖြေမရှာနိုင်ရင် ထိရောက်တဲ့အဖြေကိုရှာနိုင်မယ့် ငြိမ်းချမ်းတဲ့နည်းလမ်းတွေကို အသုံးပြုသွားမယ်လို့ နိုလင်းဟေဇာက ပြောဆိုထားပါတယ်။

မတ်လ ၁၆ ရက်နေ့မှာပဲ အာဆီယံဒေသတွင်း စင်ကာပူနဲ့ အင်ဒိုနီးရှားခေါင်းဆောင်တွေ တွေ့ဆုံပြီး မြန်မာ့အရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုရလဒ်တွေအရ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ  မြန်မာပြည်သူတွေဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်လာပြီး စစ်ကောင်စီရဲ့ အာဏာသိမ်းမှု တရားဝင်ဖြစ်ရေးကြိုးပမ်းမှုတွေ  ပိုမိုမှေးမှိန်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013