DVB Logo
Home
နိုင်ငံတကာ
ပိုလန်တွင် အခြေခံဥပဒေဆိုင်ရာတရားသူကြီး တာဝန်မှ ရပ်ဆိုင်းခံရပြီးတဲ့နောက် ပြည်သူများ ဆန္ဒပြ
DVB
·
November 1, 2026
ပိုလန်တွင် အခြေခံဥပဒေဆိုင်ရာတရားသူကြီး တာဝန်မှ ရပ်ဆိုင်းခံရပြီးတဲ့နောက် ပြည်သူများ ဆန္ဒပြ
Donate to DVB

ပိုလန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအကြီးအကဲ ဘော့ဂ်ဒန် ဆွီချက်ကော့စကီ ရာထူးကနေ ရပ်ဆိုင်းခံလိုက်ရပြီးတဲ့နောက် အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ ဆန္ဒပြသူ အများအပြားနဲ့  နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ တရားရုံးအပြင်ဘက်မှာ စုဝေးရောက်ရှိနေကြပါတယ်။

ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ် လက်ထက်မတိုင်မီက အာဏာရခဲ့တဲ့ လက်ယာစွန်းဝါဒီ အစိုးရလက်ထက်မှာ ခန့်အပ်ခံခဲ့ရသူ ဆွီချက်ကော့စကီကို တရားရုံးမှာ သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီး အန်နာ ကော်ဝင်-ပီအိုထရိုစကာက ရာထူးကနေ ဖယ်ရှားလိုက်ပြီး သူကိုယ်တိုင် တရားရုံးရဲ့ တာဝန်တွေကို လွှဲပြောင်းရယူလိုက်တယ်လို့ တရားရုံးဘက်က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ 

သောကြာနေ့ ညနှောင်းပိုင်းမှာ ရဲတပ်ဖွဲ့ဝင် အများအပြား ချထားတဲ့ကြားက ဆန္ဒပြသူ ရာပေါင်းများစွာဟာ တရားရုံးအပြင်ဘက်မှာ စုဝေးရောက်ရှိနေခဲ့ကြပြီး၊ လက်ယာယိမ်း နိုင်ငံရေးသမားတွေက လူအုပ်ကြီးကို မိန့်ခွန်းပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့က တရားရုံးအပေါ် အာဏာသိမ်းခဲ့တယ်လို့လဲ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

စနေနေ့ မနက်အစောပိုင်းမှာ အမျိုးသားရေးဝါဒီ ဥပဒေနဲ့ တရားမျှတမှုပါတီ (PiS)ရဲ့ ပါတီဝင်တွေက ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားကနေ ဖြတ်သန်းရင်း  တရားရုံး အဆောက်အအုံကနေ ထွက်သွားတာ တွေ့ရပါတယ်။ 

သမ္မတ ကာရိုလ်နော်ရော့စ်ကီက တရားရုံးဝင်းထဲကို ဝင်သွားတာကို အစောပိုင်းက တွေ့ရပေမဲ့ နောက်ပိုင်းမှာ ပြန်ထွက်သွားတယ်လို့ ပိုလန်ရုပ်သံလွှင့်ဌာန TVN က သတင်းဖော်ပြပါတယ်။

သမ္မတဟာ ဆီနီဂေါနိုင်ငံဆီသွားဖို့ ခရီးထွက်ခဲ့ပေမဲ့ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းမှာ ပိုလန်နိုင်ငံဆီ ပြန်လှည့်လာခဲ့ရတာပါ။ 

သမ္မတဟာ တရားရုံးကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ တရားသူကြီးတွေနဲ့ နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ ထိပ်တိုက်တွေ့ဆုံ အငြင်းပွားခဲ့တယ်လို့ ပိုလန်မီဒီယာတွေက သတင်းထုတ်ပါတယ်။

ဝန်ကြီးဟောင်း မာချီဘာရက်ကလည်း ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

အဲဒီနောက် သမ္မတက အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ စနေနေ့ မွန်းလွဲပိုင်းမှာ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဥရောပသမဂ္ဂ (EU) ကို ထောက်ခံတဲ့ အစိုးရအဖွဲ့နဲ့ အမျိုးသားရေးဝါဒီ သမ္မတတို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးနဲ့ ပတ်သက်ပြီး ကာလကြာရှည် အငြင်းပွားခဲ့ကြတာပါ။

ဒီနောက်တဖက်နဲ့တဖက် အဆိုပြုခန့်အပ်ထားသူတွေကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေကြလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ လုပ်ငန်းဆောင်တာတွေ လုံးဝရပ်တန့်သွားတဲ့ အခြေအနေကို ဆိုက်ခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013