DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် ထိုးစစ်ကြောင့် တိုက်ပွဲများ ပြင်းထန်နေသဖြင့် လမ်းများပိတ်ထားရ
DVB
·
August 31, 2026
Photo: KNDF‌
Photo: KNDF‌
Donate to DVB

တိုက်ပွဲတွေ ပြန်ပြင်းထန်လာတဲ့ ကရင်နီပြည်နယ်မှာ စစ်တပ်က နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ မြို့နယ်အများအပြားကို အင်အားသုံး စစ်ကြောင်းထိုးနေပါတယ်။

ဩဂုတ် ၂၆ ရက်က လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်တပ်စခန်းကုန်းတခုကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ တဘက်မှာလည်း စစ်ကြောင်းတွေက ဒေါငံခါးနဲ့ မိုးဗြဲဒေသဘက်ကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး အဓိက လမ်းပိုင်းတွေ ဖြတ်သန်းခွင့် ကန့်သတ်ပိတ်ပင်ထားရပါတယ်။  

လက်ရှိ ကရင်နီပြည်နယ်ရဲ့ စပါးစိုက်ခင်းအများဆုံး နေရာတွေဖြစ်တဲ့ လွိုင်ကော်အရှေ့ခြမ်း၊ မိုးဗြဲနဲ့ ဒေါငံခါးဘက်တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။

အဲဒီနေရာတွေဟာ စစ်တပ်က နယ်မြေအများစု စိုးမိုးထားနေရာတွေလို့ ဆိုနိုင်ပေမဲ့ စစ်ကြောင်းတွေအတွက် လုံခြုံရေးအာမခံမရှိတဲ့အတွက်မို့ လူအင်အားအပြင် လက်နက်ကြီး ဒရုန်းပစ်ကူတွေသုံးပြီး စစ်ကြောင်းထိုးလာနေတာလို့ ရှေ့တန်းမှာရှိတဲ့ စစ်ရေးရင်းမြစ်က DVB ကို ပြောပါတယ်။

“အခုက သုံးနေရာပေါ့ ပြောလို့ရတယ်။ ဒေါငံခါးရယ်၊ လွယ်ယင်းရယ်၊ လွိုင်ကော်အရှေ့ဘက်ပေါ့။ လွိုင်ကော်အရှေ့ဘက်ကတော့ အဓိကလမ်းကို သူ (စစ်တပ်) ရပြီးသားပဲ။ ဒါပေမဲ့ သူ့လမ်းကြောင်းက မလုံခြုံဘူး။ မလုံခြုံတော့ အဲလမ်းဘေးကဟာတွေ နယ်မြေစိုးမိုးဖို့ ပြန်လုပ်တယ်ပေါ့။ လွိုင်ကော်ဘက်ဆိုရင်၊ လွယ်ယင်းဆိုရင်လည်း အဲလိုပဲ၊ သူနန်းမယ်ခုံကို ရချင်လို့ သူထိုးတယ်။ ဒီဒေါငံခါးတို့ဆိုရင်လည်း နယ်မြေစိုးမိုးဖို့ပဲ သူဆက်တိုက်ထိုးနေတယ်။ အဓိက ဒီဘက်တကြောကို သူ ပြန်လိုချင်လို့ အဲဒီလိုပုံစံမျိုးတော့ သက်ရောက်တယ်။”

လွိုင်ကော်အရှေ့ခြမ်းဘက်က တိုက်ပွဲမှာတော့ ဩဂုတ် ၂၆ ရက်က လွယ်ထွယ်ပအိုဝ်းရွာအနီး တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ် စခန်းတခုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်နိုင်ပြီး ဒေါငံခါးနဲ့ မိုးဗြဲဘက်မှာတော့ နှစ်ဖက်တပ်တွေ ထိပ်တိုက်တွေ့နေတဲ့ အခြေအနေမှာပါ။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းထုတ်ပြန်ချက်အရဆိုရင် ပြီးခဲ့တဲ့ ဇွန်လကနေ ဩဂုတ်လကုန်အထိ ၃ လတာကာလအတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၃၀ ကျော် ထိခိုက်သေဆုံးကာ ကာကင်းစခန်းတခု၊ ဒရုန်းတစီး သိမ်းဆည်းရမိထားပါတယ်။ 

ဒေါငံခါးမှာလည်း စစ်တပ်က ရပ်ကွက်အများစုကို ထိန်းချုပ်ထားပေမဲ့ စစ်ကြောင်းရှေ့တိုးလို့ မရအောင် ကရင်နီတပ်ပေါင်းစုဘက်က ကာထားတဲ့ အခြေအနေမှာရှိတယ်လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

“ပါသွားခဲ့ရင်တော့ အရင်ပုံစံလိုမျိုးပဲ ပြန်ဖြစ်လိမ့်မယ်ပေါ့နော်။ ၂၀၂၂၊ ၂၃ ပုံစံမျိုးတွေပေါ့။ သွားရလာရ ခက်ခဲလာမယ်၊ နောက် လုပ်လက်စ ကိုင်လက်စတွေ ခက်ခဲလာမယ်။ အဓိက လယ်ကွက်တွေ၊ ယာကွက်တွေက အဲဘက်တကြောမှာပဲ ပိုများတာကိုး။”

ကာလရှည်ကြာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်တွေ မခံနိုင်တဲ့အဆုံး စစ်ပွဲတွေကြာားက စိုက်ခင်းတွေဆီကို အရဲစွန့်ပြီးပြန်ကြရပါတယ်။ 

စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်မှတ်တွေဟာ အဲလိုစိုက်ကွင်းကို ပြန်လာတဲ့သူတွေ ဖြစ်နေတဲ့အတွက် မိုးဗြဲအနောက်ဘက်ခြမ်းက လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေမှာရှိတဲ့ လီဝိုးနဲ့ နန်းမယ်ခုံကို ဆက်သွယ်ထားတဲ့ ဘယ်လမ်းကိုမဆို ဖြတ်သန်းသွားလာတာမလုပ်ဖို့ မိုးဗြဲ PDF က ဩဂုတ် ၂၇ ရက်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါသေးတယ်။ 

စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီး ဒရုန်းဒဏ်တွေအပြင် လမ်းပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာပြတ်မယ့် ဘေးနဲ့စကြုံနေရကာ စပါးတွေပြန်ရိတ်ခွင့်မရဘူးဆိုရင် နောက်နှစ်အတွက် ရိက္ခာမကျန်တော့ဘူးလို့ စစ်ရှောင်တယောက်က ပြောပါတယ်။

“မပြန်ရဲတော့ဘူး အရင်နှစ်ကတည်းကလေ တအားကြောက်သွားကြတာ။ ရိတ်တဲ့အချိန်မှာ ဒရုန်းက အပေါ်မှာ ဝဲပြီးတော့ တချို့ကဒဏ်ရာရ၊ တချို့ကသေ၊ တချို့ကကားတွေ ထော်လာဂျီတွေပျက် အဲလို တွေပေါ့။ အဲဒါကြောင့် ဒီနှစ်တော့ ဘယ်သူမှမပြန်ရဲတော့ဘူး။ အခုကတော့ ဒီတိုင်းပဲ သွားချထားတယ် (မျိုး) ရိတ်တော့ မရိတ်ရသေးဘူးဆိုတော့ အခြေအနေတော့ မသိရသေးဘူး။ ဒါပေမဲ့ သူတို့သိုလှောင်ထားတဲ့ အဟောင်းတွေဆို တချို့မှာမရှိတော့ဘူး။ တချို့က နည်းနည်းကျန်ဦးမယ်။ ဒါပေမဲ့ လာမဲ့နှစ်ရာသီအတွက် စိုက်ထားတဲ့ဟာ ဖြစ်ခဲ့မယ်ဆိုရင်တော့ စားရမှာပါ၊ ဒါပေမဲ့ ပိုးတအားကျနေပြန်ရော။” 

စစ်တပ်က နယ်မြေပြန်လည်ထိန်းချုပ်ရေးအတွက် ထိုးစစ်ဆင်နေတာကြောင့် လမ်းပိုင်းတွေ ပိတ်ထားရတဲ့အပြင် ဒေသခံတွေဟာ အသက်ဘေးအန္တရာယ်ကြားကနေ ရိက္ခာဖူလုံရေးအတွက် ရုန်းကန်နေကြရပါတယ်။ 

စစ်ရေးအရှိန် မြင့်တက်လာမှုနဲ့အတူ စိုက်ပျိုးခင်းတွေဆီ မကပ်နိုင်တဲ့ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး မလုံခြုံမှုဟာ ကရင်နီပြည်တွင်းမှာ စိုးရိမ်စရာ အခြေအနေတခုအဖြစ် ဆက်လက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013