
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အဝန်းကြီးကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။
ဒီနေ့ မတ် ၁၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ သထုံအခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်းကနေ အဝန်းကြီး ကျေးရွာထဲကို လက်နက်ကြီး ၆ လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အဝန်းကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်မှာ အိပ်နေတဲ့ ကိုတင်ဝင်းနဲ့ မဟူယာတို့ရဲ့ အသက် ၅ နှစ်အရွယ် မောင်သကြားဟာ ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်ကတော့ တိုက်ပွဲမရှိဘဲ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်ကြောင်းနဲ့ အခုလုပ်ရပ်အပေါ် အပြင်းအထန် ရူတ်ချတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရော်ဘာခြံ လုပ်သားတဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မတ် ၈ ရက်နေ့ကလည်း သထုံမြို့နယ် ကျုံမိန်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၂၄ တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။