
ရန်ကုန်မြို့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး အဖမ်းဆီးတွေ၊ သတင်းပေး ဒလန်တွေရှိနေတဲ့ကြားက မတ်လ ၁၈ ရက် ဒီနေ့မနက် ဈေးတခုမှာ ကျောင်းသားတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်သွားပါတယ်။
ဒီဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ(ဗကသများအဖွဲ့ချုပ်)နဲ့ Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်းပြီး ရန်ကုန်မြို့ လူစည်ကားရာ စျေးတစ်နေရာမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
"ဗမာပြည်တော်လှန်ရေးရဲ့ သွေးခင်းလမ်းဟာ တိုက်ပွဲများနဲ့ပြည့်လျှံနေပါစေ"ဆိုတဲ့ စာသားပါ ပိုစတာကို ကိုင်ဆောင်ချီတက်သပိတ်မှောက်ဆန္ဒပြခဲ့တာဖြစ်ပြီး ပြည်သူတွေဒီတော်လှန်ရေးမှာ ဆက်လက်ပါနေစေဖို့ကို သတိပေးမေတ္တာရပ်ခံတဲ့သဘောအနေနဲ့ ပြုလုပ်ခဲ့တာလို့ (အကသ)အဖွဲ့ချုပ်က တာဝန်ရှိ ကျောင်းသား တယောက်က ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို အသက် ၁၄-၁၅ အရွယ် ကျောင်းသား လူငယ်လေးတွေက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး၊ လူထုကိုဟောပြောတာနဲ့ ကြွေးကြော်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။