DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်များကိုကူညီလိုပါက ခွင့်ပြုချက်ယူရန် ဘာသာရေးအဖွဲ့များကို ဒုစစ်ခေါင်းဆောင်ပြော
DVB
·
March 18, 2023
စစ်ရှောင်များကိုကူညီလိုပါက ခွင့်ပြုချက်ယူရန် ဘာသာရေးအဖွဲ့များကို ဒုစစ်ခေါင်းဆောင်ပြော
Donate to DVB

ဘာသာရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ရှောင်တွေကို ကူညီမယ်ဆိုပါက ကြိုတင်ခွင့်ပြုချက်ရယူဖို့  အာဏာသိမ်းစစ်ကောင်စီဒုတိယခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့တယ်လို့ လွိုင်ကော်မြို့နယ်တွင်းက ဘာသာရေးခေါင်ဆောင်တွေဆီက သိရပါတယ်။

တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေပြီး စစ်ကောင်စီတပ်တွေ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်မြို့ဘက်ကို  ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  မတ်လ ၁၅ ရက်နေ့ကသွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စီးပွားရေး  လုပ်ငန်းရှင်တွေ၊  ဘာသာရေးအဖွဲ့အစည်းတွေနဲ့  လွိုင်ကော်တပ်နယ်မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင်တွေနဲ့တွေဆုံချိန်မှာ‌‌တော့   ဘာသာရေးအဖွဲ့တွေက စစ်ရှောင်တွေကို လှူမယ် ကူမယ်ဆိုရင် သူတို့ဆီမှာ ကြိုတင်ခွင့်ပြုချက်ယူဖို့ ညွှန်ကြားခဲ့ကြောင်းလည်း သူနဲ့တွေ့ဆုံခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေက ဒီဗွီဘီကို ပြောပါတယ်။

လွိုင်ကော်မြို့နယ်ရှိဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ကက်သလစ်သာသနာ အသင်းတော်၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ကယားဖူးနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ အင်္ဂလီကန် အသင်းတော်၊ ယေဟောဝါအသင်းတော်၊ သတ္တမနေ့ ဥပုသ်အသင်းတော်နဲ့ ကေထိုးဘိုးရိုးရာ အဖွဲ့တွေက  ခေါင်းဆောင်တွေကို ပြည်နယ်အစိုးရ အဖွဲ့ရုံခန်းမှာ  တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော်သားတွေအနေနဲ့ ဘာသာအဆောက်အဦနဲ့ပတ်သက်ပြီး အလေးထား ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားတွေအနေနဲ့ ဘာသာရေး အဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးပေးခန်းတွေကို အသုံးချကာ အကာအကွယ်ရယူတိုက်ခိုက်နေလို့ ခုခံကာကွယ် တုံ့ပြန်ပစ်ခတ်မှုတွေလည်းရှိကြောင်း ပြောခဲ့ပါတယ်။

ကယား(ကရင်နီပြည်နယ်)မှာ  စစ်တပ်အာဏာသိမ်းကတည်းက တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွား နေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့လို့ ဘာသာရေး အဆောက်အဦတွေ၊ စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ လူနေအိမ်တွေ အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူတွေသောင်းနဲ့ချီစစ်ဘေးရှောင်နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး  ဖမ်းဆီးခံရသူတွေကိုလည်း စစ်တပ်က  အစုလိုက် အပြုံလိုက် သတ်ဖြတ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ 

ဒုစစ်ခေါင်းဆောင် စိုးဝင်းကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ လုပ်ဆောင်ကြဖို့၊  တပ်ဆင်ပေးထားတဲ့ လက်နက်၊ ခဲယမ်း၊ ကိရိယာတွေကို  အပြည့်အဝ ထိရောက်စွာ အသုံးချကြဖို့နဲ့ တပ်တွင်း စည်းလုံးညီညွတ်ရေး အရေးကြီးကြောင်းလည်း လွိုင်ကော်တပ်နယ်မိသားစုနဲ့ တွေ့ဆုံစဉ်မှာ စည်းရုံး ပြောဆိုခဲ့ပါတယ်။

ဒီခရီးစဉ်မှာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာလည်း လုပ်ငန်းရှင်တွေအနေနဲ့ ဒေသထုတ်ကုန်တွေကို အဓိကထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဖို့ တိုက်တွန်းကြောင်း နိုင်ငံပိုင်သတင်းစာမှာ ရေးပါတယ်။

စစ်ကောင်စီအနေနဲ့ ဖေဖော်ဝါရီ ၂ ရက်က စတင်ပြီး ကယား(ကရင်နီပြည်နယ်) ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆိုနဲ့ ရှားတောမြို့တို့ကို  စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အင်အားအလုံးအရင်းတွေနဲ့  ထိုးစစ်ဆင် တိုက်ခိုက်နေပြီး  ပြည်သူတွေနဲ့ ထပ်ဆင့် စစ်ဘေးရှောင်နေကြရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013