
စစ်အာဏာရှင်သမ္မတရဲ့ ရက် ၁၀၀ စီမံချက်အရ စားသောက်ဆိုင်၊ Club၊ KTV နဲ့ Bar တွေကို လုပ်ငန်းလိုင်စင်နဲ့ ဖျော်ဖြေရေးလိုင်စင်တွေ မရှိဘဲ မဖွင့်ရဘူးလို့ ထုတ်ပြန်ပြီး ကန့်သတ်နေပေမဲ့ အဓိကပြဿနာဖြစ်တဲ့ မူးယစ်ဆေးဝါး ပျံ့နှံ့တာတွေကိုတော့ ဖြေရှင်းနိုင်တာ မရှိဘူးလို့ မန္တလေး မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ စီမံချက်အရ လိုက်လံစစ်ဆေးပြီး KTV အချို့ ပိတ်လိုက်ရတာတွေရှိတယ်လို့ ဆိုပါတယ်။
KTV အပြင် စင်တင်စားသောက်ဆိုင်တချို့မှာပါ ဖျော်ဖြေရေး လိုင်စင်မလျှောက်ထားတဲ့ ဆိုင်တွေကို ကန့်သတ်တာတွေရှိတယ်လို့ မန္တလေးမြို့ခံ ဦးကျော် (အမည်လွှဲ) က ပြောပါတယ်။
“စားသောက်ဆိုင်တွေမှာ ဖျော်ဖြေတဲ့ တီးဝိုင်းတွေက လိုင်စင်မလျှောက်ထားရင်တော့ ဖျော်ဖြေခွင့်မရှိဘူး၊ လိုင်စင် လျှောက်ထားတဲ့ ဆိုင်တွေမှာ တီးခွင့် ဆိုခွင့်ပေးထားတာပဲ ရှိတယ်။”
မန္တလေးမှာတော့ စီမံကိန်းအရ လက်ရှိ လိုက်လံစစ်ဆေးတယ်လို့ ကြားနေပေမဲ့ အသောက်အစား အပျော်အပါးသာမက မူးယစ်ဆေးဝါး သုံးစွဲမှုတွေပါရှိနေလို့ ဒီစီမံချက်က အယောင်ပြသာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ ဦးမြင့် (အမည်လွှဲ) က ဝေဖန်ပါတယ်။
“ဒီလိုပဲ Bar တွေ၊ KTV တွေ၊ စင်တင်တွေ လုပ်နေကြတာပဲ။ ရှိတယ်အကုန်လုံး၊ အသောက်အစား အပျော်အပါးတင်တောင် မကဘူး၊ WY ဆေးတွေဆိုလည်း လွယ်လင့်တကူ မန္တလေးမြို့ပေါ်တင် ဝယ်ပြီး သုံးနေကြတာ။ အဲဒီလိုမျိုး လွှတ်ထားကြတာပဲ။ ဖမ်းတယ်ဆိုတာ အယောင်ပြလောက်ပဲ ဖြစ်မှာ၊ သူတို့ ငွေညှစ်တာလောက်ပဲ ရှိမှာ ဖမ်းရင်တောင်မှ၊ တကယ်ဖမ်းတာ မဟုတ်ဘူးလေ။”
မန္တလေးမြို့မှာ ဖွင့်ထားတဲ့ KTV ဆိုင်တွေထဲက ၅၀ ကျော်လောက်ကိုလည်း ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက သတ်မှတ်စည်းကမ်းချက်တွေ မလိုက်နာလို့ဆိုပြီး ပိတ်ခံခဲ့ရဖူးပါတယ်။
အခုလည်း ရက် ၁၀၀ စီမံချက်နဲ့ လုပ်ငန်း လိုင်စင်တွေ စစ်ဆေးတာမျိုး ရှိပေမဲ့ မူးယစ်ဆေးနဲ့ ပတ်သက်တာတွေကိုတော့ မသိကျိုးကျွံပြုထားကြတာကြောင့် မူးယစ်ဆေးသုံးစွဲမှုတွေ များပြားလာနေတယ်လို့ မန္တလေးဒေသခံ လူငယ်တယောက်က ပြောပါတယ်။
“Bar တွေ ကလပ်တွေမှာလည်း ပေါ်ပေါ်ထင်ထင် သုံးနေကြတာ။ ညရောက်ပြီဆို အစည်ကားဆုံး နေရာကတော့ ဘားရယ်၊ ဘီယာဆိုင်တွေရယ်ပဲ။ ဘားကနေတဆင့် ကလပ်သွားပြီး နီးစပ်ရာ ဟိုတယ် နေရာတွေမှာ တည်းကြတာ။ အဲဒီနားဝန်းကျင်ကတော့ ကိုယ်တွေ ဘယ်က ဝယ်ရမှန်း မသိတောင် ဘေးကနေ အနံ့တွေ ရတယ်။ ကိုယ်တိုင်မသုံးသည့်တိုင် မူးယစ်ဆေးသုံးနေမှန်း ဘေးကနေ ထိုင်နေရင်တောင် သတိထားမိတယ်။”
ဒီလို မူးယစ်ဆေးတွေ သုံးစွဲကြတဲ့အထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေတောင် ပါတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ခံ ဦးမြင့်က “ဆိုးရွားတယ်၊ ၁၄ နှစ်၊ ၁၅ နှစ်အရွယ်လေးတွေ၊ အခု အဲဒီအရွယ်လေးတွေ သုံးနေတာတောင်မှ ပြောရရင် မြင်တယ်ကွာ၊ ဘယ်နှလမ်းမှာ ဝယ်လို့ရတယ်၊ ဘယ်လို ဝယ်ရတယ်၊ အဲဒီလို အဆင့်ထိတောင်မှ ပြောနေကြတာ၊ လွယ်လင့်တကူ” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV ခန်းတွေဟာ ဟက်ပီးဝါးတားလို့ခေါ်တဲ့ မူးယစ်ဆေးဝါးတမျိုးကို လွတ်လွတ်လပ်လပ် အသုံးပြုလို့ရတာကြောင့် အဲဒီနေရာကို လူငယ်တွေနဲ့ ငွေကြေး အများအပြား သုံးစွဲနိုင်သူတွေက ဖျော်ဖြေရေးအတွက် အဓိက အသုံးပြုလာကြသလို မြန်မာနိုင်ငံ အနှံ့အပြား ဒီလိုပြဿနာတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံချက် ၉ ခုမှာ ရာနှုန်းပြည့်နီးပါးပြီးစီးပြီလို့ စစ်အာဏာရှင်အစိုးရပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက သူ့ရဲ့တယ်လီဂရမ်ချယ်နယ်မှာ ဇူလိုင် ၁၂ ရက် ထုတ်ပြန်ထားပါတယ်။










