DVB Logo
Home
မြန်မာသတင်း
စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၁၄၀ ကျော်၊ ထောင်ဒဏ်ချမှတ်ခံရသူ ၅,၁၀၀ ခန့်ထိ မြင့်တက်
DVB
·
March 17, 2023
စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၁၄၀ ကျော်၊ ထောင်ဒဏ်ချမှတ်ခံရသူ ၅,၁၀၀ ခန့်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၁၄၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၄၄၀ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၅၇၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၀၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၅ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၄၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ဈေးတန်း ၁၁ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုသစ်ဆန်းဦး (ခ) သားအဲငယ်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တဲ့စာတွေ ရေးသားတယ်လို့ စွပ်စွဲကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က အကြမ်းဖက် စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှာတော့ သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သူ့ကို တမူးမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးခံထားရချိန် ပြီးခဲ့တဲ့ မတ် ၁၆ ရက် ည ၉ နာရီလောက်မှာတော့ ခေါင်းမူးတယ်ဆိုကာ ရဲစခန်းကနေ ဆေးရုံဆီ ပို့ဆောင်ချိန် လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် မတ် ၁၄ ရက်ကလည်း အကြမ်းဖက်စစ်အုပ်စုတပ်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး စစ်ဘေးရှောင် အရပ်သား ၂ ယောက် အဆိုပါစစ်ကြောင်းနဲ့တိုးကာ ဖမ်းဆီး ညဉ်းပန်းနှိပ်စက်ပြီးတော့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကတော့ မင်းတန်ကျေးရွာက အသက် ၇၀ အရွယ် ဦးသန့်နဲ့ သာဒွန်းကျေးရွာက အမျိုးသား ၁ ယောက်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013