DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေလဲလှယ်ခွင့်ရ ကုမ္ပဏီ ၂၀ ကို ဗဟိုဘဏ်က လုပ်ငန်းလိုင်စင် ရုပ်သိမ်း
DVB
·
March 17, 2023
နိုင်ငံခြားငွေလဲလှယ်ခွင့်ရ ကုမ္ပဏီ ၂၀ ကို ဗဟိုဘဏ်က လုပ်ငန်းလိုင်စင် ရုပ်သိမ်း
Donate to DVB

အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ခွင့်လိုင်စင် ရရှိထားတဲ့ ကုမ္ပဏီ ၂၀ ကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်တဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က မတ်လ ၁၆ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ အမိန့်နှင့် ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့ အတွက်ကြောင့် ဒါရိုက်တာအဖွဲ့ရဲ့ အစည်းအဝေး ၁/၂၀၂၃ ဆုံးဖြတ်ချက်အရ ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုထားပေမဲ့ ရှင်းလင်းတဲ့ဖော်ပြချက် ပါမလာတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်နဲ့နီးစပ်သူ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နေသူတွေရဲ့ အမြင်ကတော့ နိုင်ငံခြားငွေကြေး လဲလှယ်ရောင်းဝယ်ခွင့် လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေဟာ ဗဟိုဘဏ်ထံ လစဉ် သို့မဟုတ် နှစ်စဉ် တင်ပြရတဲ့ အချက်အလက်တွေကို ပေးပို့ဖို့ ပျက်ကွက်တာကြောင့် အခုလို လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံရတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

“ကျနော်တို့ သိရသလောက်က အဓိက က သူတို့ဆီ report လုပ်ရတယ်လေ။ ပြီးတော့ money changer နဲ့ပတ်သက်ပြီး လုပ်ငန်းလိုင်စင်ယူထားတဲ့ ကုမ္ပဏီအရေအတွက်က ၄၀၀ ကျော်လောက်ရှိတယ်။ ဒါပေမဲ့ အမှန်တကယ် အလုပ်လုပ်တဲ့ ကုမ္ပဏီအရေအတွက်က နည်းတယ်။ ၁၀၀ မပြည့်ဘူး။ ကျန်တဲ့ဟာတွေက လိုင်စင်သာ ယူထားကြတာ။ သူတို့က လိုင်စင်ရတဲ့အချိန်မှာ ယူထားခဲ့ကြပြီး ဘာမှမလုပ်တာက များပါတယ်။ ဥပမာ MNA တို့ ဘာတို့ဆိုရင်လည်း ဘာမှကိုမလုပ်တာ။ တချို့ဆိုရင်လည်း ဟိုတယ်ဖွင့်တယ်။ ပြီးရင် လိုင်စင်ပါ တခါတည်း ယူထားလိုက်ကြတယ်။ ပြောရရင် လိုင်စင်ယူရတာ လွယ်လို့ ယူထားကြတာပါ။ တကယ် အလုပ်လုပ်တဲ့သူတွေ မဟုတ်ဘူး။ ဒါကြောင့် ဒီဟာက ဘာမှ သက်ရောက်မှုတော့ မရှိနိုင်ဘူးထင်တယ်။”

ဒါ့အပြင် နောက်ထပ်လည်း နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်ခွင့် လုပ်ငန်းလိုင်စင် ရရှိထားတဲ့ ကုမ္ပဏီတွေ လုပ်ငန်းလိုင်စင် ထပ်မံရုပ်သိမ်းခံရဖို့ ရှိလာနိုင်တယ်လို့ အဆိုပါ သတင်းအရင်းအမြစ်က ဆိုပါတယ်။

“အလုပ်မလုပ်ဘူးဆိုတာက ၆ လတကြိမ် report တင်ရတယ်၊ ၁ နှစ်တကြိမ် report တင်ရတယ်။ ပြီးတော့ သွားစစ်ဆေးတဲ့နေရာမှာလည်း သတ်မှတ်ချက်နဲ့အညီ ရှိရမယ်။ အဲ့ဒါတွေ မညီညွတ်လို့ပေါ့နော်။ ဒါပေမဲ့ အဲ့ဒါတွေကလည်း အရင်တုန်းက သိပ်ပြီး မစစ်ကြဘူး။ အခုတော့ ပြန်စစ်လာတယ်။ ပြီးတော့ AML/CFT (Anti Money Laundering and Counter-Financing of Terrorism) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အတွက်လည်း သူတို့ ပြန်စစ်တယ်။ အဲ့ဒါတွေအတွက် စနစ်တကျ သူတို့ report ပြန်လုပ်ရတယ်။ အခု လိုင်စင်ပိတ်ခံရတဲ့ အကုန်လုံးက နဂိုကတည်းက စနစ်တကျ အလုပ်မလုပ်တဲ့ဟာတွေပါ။ ဆက်ပြီးတော့ နောက်ထပ်လည်း လိုင်စင်ရုပ်သိမ်းခံရတာတွေ လာဦးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ တကယ်အလုပ်လုပ်တဲ့ ကုမ္ပဏီအရေအတွက်က အများကြီး သိပ်မရှိဘူးလေ။”

ဒါပေမဲ့ တဖက်မှာလည်း ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ သတ်မှတ်ပြီး လုပ်ကိုင်နေရတဲ့ ငွေလဲကောင်တာတွေဟာ အမေရိကန်ဒေါ်လာ အရောင်းအဝယ် မရှိတာကြောင့် အလုပ်မဖြစ်တော့တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

Money Changer လုပ်ငန်းရှင်တဦးက “ဗဟိုဘဏ် ရည်ညွှန်းနှုန်းပေါ်မှာ ပွိုင့်ပဲခွာပြီး အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားတာကြောင့် ငွေလဲကောင်တာ တော်တော်များများမှာ ဒေါ်လာက အရောင်းအဝယ်မရှိလို့ အလုပ်မဖြစ်ကြဘူး။ ကောင်တာမှာ ဗဟိုဘဏ်ဈေးနဲ့ ဘယ်သူမှ လာမရောင်းကြဘူး။ အဲ့တော့ ကောင်တာကလည်း သူတို့သတ်မှတ်ဈေးနဲ့ ဘယ်သူ့ကိုမှ ပြန်မရောင်းပေးနိုင်ဘူး။ တကယ်လို့ ဗဟိုဘဏ်က သူတို့သတ်မှတ်နှုန်းနဲ့ ငွေလဲကောင်တာတွေကို ရောင်းပေးနိုင်ရင်တော့ တမျိုးပေါ့။ ဒါဆိုရင် ကျနော်တို့လည်း သူတို့ သတ်မှတ်နှုန်းနဲ့ ပြန်ရောင်းပေးနိုင်မယ်။ အခုကတော့ ဒေါ်လာက ငွေလဲကောင်တာတွေမှာ မရတော့ဘူး။ တော်တော်ရှားသွားပြီ။ ကျနော်တို့ဆိုရင် ထိုင်းဘတ်၊ တရုတ်ယွမ်နဲ့ စင်ကာပူဒေါ်လာလောက်ပဲ နည်းနည်းပါးပါး အရောင်းအဝယ်ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းနိုင်ငံခြားငွေကြေးအတွက် သတ်မှတ်ပေးထားတဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နှုန်း ဖြစ်ပေမဲ့ ပြင်ပမှာ ၂,၈၅၀ နဲ့ ၂၈၇၀ ကျပ် ရှိပါတယ်။ ငွေလဲကောင်တာတွေမှာ သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန် ၁ ဒေါ်လာကို ၂,၁၀၀ နဲ့ ၂,၁၀၆ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁,၅၅၈ နဲ့ ၁,၅၆၃ ကျပ်၊ တရုတ်ငွေကြေး ၁ ယွမ်ကို ၃၀၄ နဲ့ ၃၀၅ ကျပ်၊ ထိုင်းငွေကြေး ၁ ဘတ်ကို ၆၀ နဲ့ ၆၁ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013