DVB Logo
Home
မြန်မာသတင်း
အရာတော်၊ မြောင်နှင့် ရွှေဘိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်
DVB
·
March 17, 2023
အရာတော်၊ မြောင်နှင့် ရွှေဘိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာအနီးမှာ မတ်လ ၁၇ ရက် ဒီမနက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ အရာတော်မြို့ လေ့ကျင့်ရေးစစ်တပ်ကနေ အရာတော်-မန္တလေးလမ်းပေါ် မြေနက်လမ်းဆုံအနီးကို ကား ၂ စီးနဲ့ စစ်ကြောင်းထိုးလာချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒေသခံရွာသူတဦးက “တိုက်ပွဲက အပြန်အလှန်ပစ်နေတဲ့ အသံတွေပဲ။ သူတို့ပစ်သံကြားနေရတော့ အနီးအနားက ကျေးရွာကလူတွေ အကုန်ထွက်ပြေးနေရတယ်။ မပြေးလို့လည်း မရဘူးလေ။ စစ်ကောင်စီတွေက ပြည်သူတွေ၊ PDF တွေဆိုပြီး ခွဲခြားနေတာ မဟုတ်ဘူး။ တွေ့တဲ့သူ အကုန်ဖမ်းတယ်၊ ရိုက်နှက်စစ်ဆေး၊ သတ်ပစ်တဲ့အထိပါ လုပ်တာ‌ဆိုတော့ လွတ်အောင်တော့ ပြေးရတာပေါ့နော်။ အခုအထိတော့ ပစ်နေကြဆဲပါရှင့်။ အထိခိုက်က လတ်တလော ဘာသတင်းမှ မကြားရသေးဘူး။ ဖြည့်စွက်ပြောချင်တာက စစ်ကောင်စီတပ်အနေနဲ့ ကျမတို့ ဒေသခံကျေးရွာတွေကို မီးမရှို့ပါနဲ့လို့ပဲ ပြောချင်တယ်။ သူတို့က PDF နဲ့ တိုက်ပွဲဖြစ်တိုင်း ရွာတွေကို မီးရှို့နေတာ။ အဲလို သူတို့ကလုပ်နေတော့ သူတို့ကို ထောက်ခံနေတဲ့သူ၊ ထောက်ခံချင်စိတ်ရှိတဲ့ သူတွေတောင် စိတ်ပြောင်းသွားပြီး PDF ဘက် ရောက်သွားကြတယ်။ အဲဒါကြောင့် ရွာတွေကိုတော့ မီးမရှို့ပါနဲ့လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ အရာတော်မြို့နယ်အတွင်း ဒီနေ့ မတ်လ ၁၇ ရက်နေ့မှာ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး နောက်စစ်ကြောင်းတကြောင်းကတော့ ကျောက်ပြောက်ရွာဘက်ကို စစ်ကြောင်းထိုးနေတာလို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

အရာတော်မြို့နယ် DRanger Force အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ရှင်းက “မနက် ၆ နာရီခန့်က အရာတော်-မန္တလေးလမ်းပေါ် မြေနက်လမ်းဆုံအနီးကို ကား ၂ စီးနဲ့ အင်အား ၅၀ ပါတဲ့ စစ်ကြောင်းတကြောင်းနဲ့ ကျနော်တို့ ကျောက်ပြောက်ကျေးရွာဘက် အင်အား ၁၀၀ နီးပါးခန့် ခြေလျင်စစ်ကြောင်းတကြောင်း စုစုပေါင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတယ်။ တိုက်ပွဲကတော့ မနက်ခင်းက ဇရစ်ရွာအနီးမှာ ဖြစ်နေတယ်။ ကျနော်တို့ဘက်ကတော့ စစ်ကြောင်းကတော့ တိုက်ပွဲမဖြစ်သေးဘူး။ စောင့်ကြည့်အနေအထားပါပဲ” လို့ ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇရစ်ကျေးရွာကို စတင်ဝင်ရောက်ခဲ့ပြီးနောက် မနက် ၈ နာရီကျော်မှာ ကူးတို့ကိုင်းကျေးရွာ တွင်းကို သေနတ်တွေပစ်ဖောက် ဝင်ရောက်နေပြီး နှစ်ဖက်အကျအဆုံးကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက မြစ်စုံကျေးရွာအနီး စစ်ကောင်စီ အထူးတပ်နဲ့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ အပါအဝင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တို့ ဒီနေ့ မတ်လ ၁၇ ရက် မနက် ၆ နာရီက တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်‌ေကြာင်းဟာ တပ်မ ၉၉၊ ၇၇၊ ၃၃ တို့ ပူပေါင်းကာ ဘီလူးကွန်မန်ဒို စစ်ကြောင်း အမည်တပ်ပြီး စစ်ကိုင်းတိုင်း မြောင်မြို့ကနေ စစ်ကြောင်းထိုးနေတာလို့လည်း သိရပါတယ်။

Myaung Eagle People's Defence Force တာဝန်ရှိသူ ကိုတိုးကြီးက  “သူတို့က မြောင်မြို့ကနေ အင်အား ၁၅၀ နဲ့ ခြေရာတော်ရွာ၊ ကျော့မင်းကျေးရွာဘက်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး သာဒွန်းကျေးရွာ၊ မင်းတန်းကျေးရွာ၊ ထုံကြိုင်ကျေးရွာ၊ နေပူကုန်းကျေးရွာ၊ နဂါးပေါက်ကျေးရွာ၊ ချောင်းဆင်းကျေးရွာတွေကို ဝင်ရောက်ကာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ပြီး ပေါက်ချောင်းကျေးရွာ ရောက်ရှိလာတယ်။ အဲ့ရွာကနေ မြစ်စုံဘက်တက်လာတော့ ကျနော်တို့အဖွဲ့တွေနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တယ်ဗျ။ ပထမ ကျနော်တို့ဘက်က မိုင်းဆွဲတာတွေ အရင်လုပ်ပြီး နှစ်ဖက်ပစ်ခတ်တာတွေ လုပ်ကြတယ်။ သူတို့ မိုင်းဆွဲခံရတာ အတော်အထိနာသွားတယ်။ ပစ်ခတ်တာလည်း ကျနော်တို့ဘက်က သူတို့ ဒီဘက်တက်လာမယ်ဆိုတာကို သိလို့ အခိုင်အမာ နေရာယူပစ်တာဆိုတော့ အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တချို့က ကင်းထောက်လုပ်ဆောင်ပြီး မြောင်မြို့နယ် ပကဖ၊ MDY MADALAY PDF တပ်ရင်းတွေ၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့တွေ၊ နယ်မြေခံ ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခေတ္တ တိမ်းရှောင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ထုတ်ပြန်ထားတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာပဲ ရွှေဘိုမြို့နယ်အခြေစိုက် ထောက်ပို့တပ်က စစ်ကောင်စီတပ်သားတွေ မတ်လ ၁၆ ရက် မနက်က ကင်းပုန်းဝပ်ပြန်လာချိန်မှာ မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Black Wolf – Army မှ တာဝန်ရှိသူတဦးထံက သိရပါတယ်။

စစ်ကောင်စီက အင်အား ၃၀ ခန့်ပါဝင်တဲ့ စစ်ကြောင်းတကြောင်း ကင်းပုန်းသွားဝပ်ပြီး ပြန်လာတယ်လို့ သတင်းရရှိတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေက စောင့်ဆိုင်းပြီး ရွှေဘိုမြို့နယ် တအုံကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Black Wolf – Army မှ တာဝန်ရှိသူတဦးက “မနက်ပိုင်းက ဒီကောင်တွေ ကင်းပုန်းဝပ်ပြီး ရွှေဘိုမြို့ထဲကထွက်လာတာ ကြားလို့ သွားစောင့်ပြီး မိုင်းဆွဲတာ တယောက်သေတယ်။ အဲ့ဒါနဲ့ ဒီကောင်​ေတွ ရွှေဘိုမြို့ထဲကို ပြန်ဆုတ်လာတဲ့ လမ်းကြောင်းမှာ ဒရုန်းနဲ့ ထပ်ပြီး ဗုံးကြဲတာ ၂ ယောက် ဒဏ်ရာရတယ်လို့ ဖရဲသီးသတင်းပေးတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိပါဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေအပြီးမှာ စစ်ကောင်စီတပ်ဘက်က ၁ ဦးသေ ၂ ဦး ဒဏ်ရာရရှိပြီးတော့ စစ်ကောင်စီဘက်က သေဆုံးတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိတဲ့အပြင် ဆက်သွယ်မေးမြန်းရင်လ​ည်း ပြန်လည်ဖြေကြားခြင်း မရှိတဲ့အတွက် အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အဆိုပါစစ်ဆင်ရေးကို Black Wolf – Army နဲ့အတူ Who Am I – Army တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မတ်လ ၁၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဟန်လင်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ သိရတဲ့အတွက် Black Wolf – Army က ဒရုန်းနဲ့ ဗုံးသီးချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့‌တယ်လို့ သိရပါတယ်။

ဓာတ်ပုံ/ဗွီဒီယို - BWA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013