DVB Logo
Home
မြန်မာသတင်း
ဖိုဝါဒကြီးစိုးနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီ အလှမ်းဝေးနေဆဲ
DVB
·
March 17, 2023
ဖိုဝါဒကြီးစိုးနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီ အလှမ်းဝေးနေဆဲ
Donate to DVB

“ ဖိုဝါဒကြီးစိုးမှုတွေအဆုံးသတ်ဖို့လိုပြီ။ ဖိုဝါဒကြီးစိုးနေသရွေ့တော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပုံဖော်နိုင်မှာ မဟုတ် ဘူး။” လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး နန်းမို့မို့က ဆိုတယ်။

၂၀၂၀ခုနစ်ကနေ လက်ရှိအချိန်ထိ သုံးနှစ်တာကာလအတွင်း မြန်မာပြည်ရဲ့ အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတာ တွေ ပြည်သူတွေကို အသိပေးဆွေးနွေးပွဲတွေ အများစုဟာ အမျိုးသားတွေဦးဆောင်ဆွေးနွေးနေကြတာလို့ သူကဆိုတယ်။

အဲ့ဒီသုံးနှစ်တာကာလမှာ “ ဖိုဝါဒလွှမ်းမိုးတဲ့စကားဝိုင်း “ ၁၆၀ နီးပါးရှိကြောင်း မှတ်တမ်းတင်ထားကြတယ်။

ဒါကြောင့် “ ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း “ ဓာတ်ပုံပြပွဲကို “Manel Exhibition” လို့ နာမည်ပေးထားပြီး အဲဒီပွဲကို   မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) နှင့် The Salween Institute (SI) တို့ပူးပေါင်းပြီး ချင်းမိုင်မြို့ Lan Din Café တွင် (မတ်လ ၅ ကနေ ၇ အထိ) သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Manel လို့ နာမည်ပေးပြီး အမျိုးသားများသာ သီးသန့်ပါဝင်တဲ့ ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေ၊ ဒီပွဲတွေကို စီစဥ်တဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ ပါဝင်အားပေးတက်ရောက်ဆွေးနွေးတဲ့လူတွေကို ထောက်ပြတာ၊ ဝေဖန်တာ၊ အကြံပေးတာ အများပြည်သူ ကို အသိပေးတာတွေလုပ်လာတာ နှစ်နှစ်ကျော်သွားပါပြီလို့ ပွဲစီစဥ်သူတွေက ထုတ်ပြန်ပြောဆိုပါတယ်။

ချင်းမိုင်တွင် သုံးရက်တာပြုလုပ်ခဲ့သည့် “ ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း “ ဓာတ်ပုံပြပွဲ 

“ဖိုဝါဒကြီးစိုးတဲ့စကားဝိုင်း” အများဆုံးသတင်းမီဒီယာဟာ Radio Free Asia (RFA)ဖြစ်ပြီး စကား၀ိုင်းပြုလုပ်တာ ၃၈ကြိမ်ရှိ ကြောင်းလည်း ဖော်ပြထားတယ်။

ပြပွဲထဲမှာလည်း  စုစည်းမှတ်တမ်းတင်ထားတဲ့ “ ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ” ရဲ့ ဓာတ်ပုံတွေ ပိုစတာတွေကို ခင်းကျင်း ပြသထားပြီး အဲဒီစကားဝိုင်းတွေကို ကူညီပံ့ပိုးပေးခဲ့တဲ့ အလှူရှင်အဖွဲ့အစည်းတွေကိုပါ လက်လှမ်းမီသလောက် ထည့်သွင်း ဖော်ပြထားတယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။

ဖိုဝါဒလွှမ်းမိုးတဲ့စကားဝိုင်းတွေဟာ ဒီမိုကရေစီထွန်းကားသော အသိုက်အဝန်းအတွက် အမှန်တကယ်အချက်အချာကျတဲ့ ဗဟု ဝါဒထွန်းကားမှုနဲ့ ပြည့်စုံကောင်းမွန်သော ဆွေးနွေးပွဲတွေအတွက် အဟန့်အတားဖြစ်နေသလို အမျိုးသမီးတွေကို လုံးဝဖယ် ကျဥ် လစ်လျူရှုခြင်းအားဖြင့် ဖိုဝါဒနဲ့ လိင်အခြေပြုခွဲခြားမှုတွေကို ဆက်လက် သက်ဆိုးရှည်နေတယ်လို့ ပြောကြပါတယ်။

“Manel Exhibition” ပြပွဲကို ပြုလုပ်တာ ယခုအကြိမ်ဟာ ပထမဆုံးဖြစ်ပြီး WLB အဖွဲ့ဟာ အမျိုးသမီးအခွင့်အရေး၊ နိုင်ငံ ရေး နှင့်ပတ်သက်လုပ်ဆောင်ခဲ့တာ ၂၄နှစ်ကျော်ရှိလာပြီဖြစ်ကြောင်းလည်း နန်းမို့မို့က ပြောပါတယ်။

“ အမျိုးသားတွေပဲ ဦးဆောင်ပြီးကျင်းပတဲ့ အကြောင်းပြချက်က အမျိုးသမီးတွေမရှိလို့ အမျိုးသမီးတွေ ရည်အချင်းမရှိလို့ အမျိုး သမီးတွေနဲ့ မသက်ဆိုင်လို့ ဆင်ခြေပေးအများကြီးရှိတယ်။ ဒါတွေက ကျမတို့လိုချင်တဲ့ဖက်ဒရယ် ၊ ကျမတို့ ဖော်ဆောင် နေတဲ့ ဖက်ဒရယ်နဲ့အလှမ်းဝေးစေပါတယ်။” လို့ နန်းမို့မို့က ဆိုပါတယ်။

ချင်းမိုင်တွင် သုံးရက်တာပြုလုပ်ခဲ့သည့် “ ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း “ ဓာတ်ပုံပြပွဲ 

ကျား-မ တန်းတူရေးကိစ္စနဲ့ပတ်သက်လာရင် လက်ရှိနိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်ဆိုတဲ့အမျိုးသားတွေဟာ ပါးစပ်ဖျားမှာ သာ လက်ခံကြသော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်တဲ့အခါမှာ စိတ်ဆန္ဒမရှိကြတာကို တွေ့နေရကြောင်းကို လည်း နန်းမို့မို့က မှတ်ချက်ပြုပါတယ်။

ဖိုဝါဒစကားဝိုင်းတချို့ရဲ့ အကြောင်းပြချက်တွေကတော့ “ တော်လှန်ရေးကာလမှာ တော်လှန်ရေးကို အာရုံစိုက်ပါ။ တော်လှန် ရေး ပြီးမှ ဒီအရေးကို ဆက်လုပ်ရမှာ”ဆိုတဲ့ အကြာင်းပြချက်တွေ ပေးကြောင်း တွေ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် “ သတင်းမီဒီယာကို ဒီလိုစည်းကမ်းမျိုးတွေ လိုက်ထုတ်တာ သတင်းမီဒီယာကိုထိခိုက်တယ်။ အမျိုးသားတွေချည်း ပြောရမယ့်ကိစ္စကို အမျိုးသမီးတွေမကသေးဘူး၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ LGBT တွေကို အင်တာဗျူးထည့်လုပ် ခိုင်းတော့ ရှုပ်ကုန်မှာပေါ့။” ဆိုတဲ့အကြောင်းပြချက်လည်း ပါတယ်လို့ ပြပွဲမှာဖော်ပြထားတယ်။

ပြပွဲရဲ့ထူးခြားချက်မှာလည်း ဖိုဝါဒစကားဝိုင်းရဲ့ ဓာတ်ပုံပြပွဲမှာပါနေတဲ့ အမျိုးသားတွေတချို့လည်း “Manel Exhibition” ပြပွဲကို လာတက်ရောက်ကြတာတွေ့ရတယ်လို့ နန်းမို့မို့က ဆိုပါတယ်။

ချင်းမိုင်တွင် သုံးရက်တာပြုလုပ်ခဲ့သည့် “ ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း “ ဓာတ်ပုံပြပွဲ 

အများပြည်သူကို အသိပေးတဲ့ဆွေးနွေးပွဲကို ဖိတ်ကြားခံရတဲ့အမျိုးသားတွေအနေဖြင့် ဆွေးနွေးပွဲပါဝင်ခွင့်ရရင် အရင်ဆုံး အမျိုး သမီးတွေ ပါဝင်လားဆိုတာ မေးမြန်းရန်လိုအပ်ကြောင်းနဲ့ ပွဲစီစဥ်တဲ့သူအနေနဲ့လည်း အမျိုးသမီးကိုရအောင် စီစဥ်ရန်လိုအပ် ကြောင်း Manel ပြပွဲကို တက်ရောက်လာသူတစ်ဦးဖြစ်တဲ့ ကိုမျိုးက ပြောပါတယ်။

“ ပွဲစီစဥ်တဲ့သူတွေကလည်း အမျိုးသမီးကို ရအောင်ထည့်သင့်တယ်။ အမျိုးသားတွေကလည်း အမျိုးသမီးမပါရင် ဆွေးနွေးပွဲ ပါဝင်ဆွေးနွေးမှာမဟုတ်ဘူးဆိုတာ ပြတ်သားရမယ်။ အမျိုးသားအသံပဲဆိုရင် မျှတမှုရှိမှာမဟုတ်ဘူး။ အမျိုးသမီးအမြင် တွေလည်းထည့်သင့်ပါတယ်။” လို့ ကိုမျိုးက အကြံပြု ပြောဆိုပါတယ်။

တချို့ပွဲစီစဥ်တဲ့သူတွေကတော့ “ ဖိတ်ပါတယ်ခင်ဗျ။ အချိန်နီးမှ ဖိတ်တာမျိုးလည်းမဟုတ်ပါဘူး။ အားလုံးကို အတူတူ နှစ်ပတ် အလွန်လောက်နေ ဖိတ်တာပါ။ တချို့ကအကြောင်းမပြန်၊ တချို့ကတခြားအစီအစဥ်တွေ ထပ်နေတာမျိုးဖြစ်နေတာပါ။ အခုလို ထောက်ပြတဲ့ ဆရာမတို့ကိုလည်း ကျေးဇူးတင်ပါတယ်။” ဆိုတဲ့ အကြောင်းပြချက်ပေးကြောင်းလည်း ပိုစတာထုတ်ကာ ပြသ ထားပါတယ်။  

ချင်းမိုင်တွင် သုံးရက်တာပြုလုပ်ခဲ့သည့် “ ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း “ ဓာတ်ပုံပြပွဲ 

Manel Exhibition ပြပွဲဟာ အမျိုးသမီးများစုပြီး အမျိုးသားများကို ခြိမ်းခြောက်ရန် မဟုတ်ဘဲ ဖိုဝါဒကြီးစိုးမှုကို တိုက်ဖျက်ရန်၊ ကျား – မ တန်းတူညီမျှရေးကို ဝိုင်းဝန်းအဖြေရှာရန် အတူလက်တွဲကြရန်သာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။  

ချင်းမိုင်တက္ကသိုလ်တွင် ကျောင်းတက်နေတဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း “ ကျနော်တို့အနာဂတ် ဖက်ဒ ရယ်ဒီမိုကရေစီတည်ထောင်ရန် အမျိုးသမီးကဏ္ဍအမျိုးသမီးတွေကို ချန်ထားလို့မရဘူး။ ဒါ့ကြောင့် အမျိုးသမီးတွေကိုလည်း ဆွေးနွေးပွဲမှာ ထည့်ဖို့လိုအပ်ပါတယ်။” လို့ ပြောပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းကိုကြည့်ခြင်းအားဖြင့် အမျိုးသားတွေပဲ ပြောဆိုလို့မရနိုင်ကြောင်းနဲ့ အမျိုးသမီးတွေပါ ထည့်သွင်းပြောဆိုရန်လိုအပ်ပြီး နိုင်ငံတစ်ခုဟာ အမျိုးသားတွေပဲပိုင်ဆိုင်တဲ့အရာမဟုတ်ဘဲ အမျိုးသမီးတွေလည်း လိုအပ် ကြောင်း ၎င်းက ဆက်ပြောတယ်။  

ချင်းမိုင်တွင် သုံးရက်တာပြုလုပ်ခဲ့သည့် “ ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း “ ဓာတ်ပုံပြပွဲ 

နန်းမို့မို့က “ ကျမတို့က တကယ်နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ဘယ်လိုပူးပေါင်းပြီးလုပ်ဆောင်ကြမှာလဲ ဖိုဝါဒ ကြီးစိုးတဲ့ဥစ္စာတွေကို အဆုံးသတ်ဖို့ ဘယ်လိုနည်းလမ်းနဲ့လုပ်ဆောင်သွားကြမှာလဲ။ ကျမတို့လိုချင်တဲ့ ဒီမိုကရေစီ၊ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းဖို့ ဘယ်လိုအတူတူဝိုင်းပြီး အဖြေရှာကြဖို့လိုပါတယ်။” လို့ ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်အမြစ်ဖြုတ်ဖို့တိုက်နေသလို တစ်ဖက်မှာလည်း ဖိုဝါဒကြီးစိုးတာကို အဆုံးသတ် ဖို့လိုကြောင်းနဲ့ ဖိုဝါဒကြီးစိုးတဲ့စနစ်နဲ့ ဖိုဝါဒကြီးစိုးတဲ့အလေ့အထကို အဆုံးမသတ်နိုင်နေသေးသရွေ့ ဖက်ဒရယ်ပြည်ထောင်စု ကိုရောက်မှာ မဟုတ်ကြောင်းလည်း သူကဆက်ဆိုတယ်။  

“ ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာဆိုရင် လုံးဝဖိနှိပ်မှုဖြစ်စေတဲ့ဝါဒတွေ အကုန်လုံးကို ကျမတို့တိုက်ဖျက်နေရတဲ့ တော်လှန် ရေးဖြစ်တယ်။ အဲ့ဒါကို သက်ဆိုင်ရာအစုအဖွဲ့တွေက တကယ့်ကိုအလေးထားဖို့လိုတယ်။ တော်လှန်ရေးသည်သာ ပထမဦးစား ပေး အာဏာရှင်ပြုတ်ဖို့လိုတယ်။ ကျား-မတန်းတူရေးက နောက်မှလို့ စဥ်းစားသရွေ့တော့ ကျမတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုကို ရရှိမှာမဟုတ်ဘူး။”  လို့ နန်းမို့မို့ကပြောပါတယ်။  

နန်းဆိုင်နွမ်

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013