DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်ကျော်အတွင်း စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၄၀ ခန့်ရှိလာ
DVB
·
March 16, 2023
အာဏာသိမ်း ၂ နှစ်ကျော်အတွင်း စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၄၀ ခန့်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၁၄၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၃၈၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၁၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၅၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၀၈၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၅ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၄၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက် မနက် ၆ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောတောင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် အဆိုပါကျေးရွာအတွင်း ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ အသက် ၇၀ ကျော်အရွယ် ဒေသခံ ၃ ယောက်ဖြစ်တဲ့ ဦးထိန်လင်း၊ ဦးဌေးမောင်နဲ့ ဒေါ်ဂွမ်းတို့မှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ အဆိုပါစစ်ကြောင်းဟာ ကျေးရွာက ပြန်လည်ထွက်ခွာခဲ့ပြီးနောက် သူတို့ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၁၀ ရက် မနက် ၆ နာရီလောက်ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာကို အင်အား ၅၀ ကျော်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ မတ် ၁၂ ရက်မှာတော့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်နဲ့ ဒေသခံ ၂ ယောက်တို့ကို ဖမ်းဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်သူ ကိုဖိုးသဲကို ရိုက်နှက်ညဉ်းပန်း နှိပ်စက်ခဲ့ပြီးနောက် ဒေသခံ ၂ ယောက်နဲ့အတူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ် ၁၅ ရက် ညနေပိုင်းမှာတော့ သူတို့ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို သဲအင်းကျေးရွာအတွင်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013