DVB Logo
Home
မြန်မာသတင်း
အင်းတော်၌ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ခင်ဦးဒေသခံ ၁,၅၀၀ ကျော် ထွက်ပြေး၊ ဗန်းမောက်မြို့နယ် မီးသတ်ဦးစီးမှူး ပစ်သတ်ခံရ
DVB
·
March 16, 2023
အင်းတော်၌ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ခင်ဦးဒေသခံ ၁,၅၀၀ ကျော် ထွက်ပြေး၊ ဗန်းမောက်မြို့နယ် မီးသတ်ဦးစီးမှူး ပစ်သတ်ခံရ
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူး-နန့်စီးအောင် လမ်းပိုင်းနဲ့ မော်လူး-အင်းတော် လမ်းပိုင်းမှာ မတ်လ ၁၄ ရက် မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ စစ်ကောင်စီယာဉ်တန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ Tiger Army အဖွဲ့က မိုင်းဆွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

“နန့်စီးအောင်ဘက်က‌နေ ဆင်းလာတဲ့ စစ်ကား ၃ စီးကို Tiger Army အဖွဲ့က ရှေ့ထွက်မိုင်း ၉ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီအချိန်လောက်မှာ မိုးညှင်းဘက်က‌နေ ဆင်းလာတဲ့ စစ်တပ်က ရိက္ခာသယ်လာတဲ့ကား ၄ စီးကို မော်လူးနဲ့ နဘားကြားမှာ KIA၊ KPDF ပူးပေါင်းအဖွဲ့က ၃ နေရာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က အထိအခိုက် အသေအဆုံး များနိုင်ပြီး စစ်ကားတစီးလည်း နေရာမှာတင် ထိုးရပ်သွားတယ်” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကားတွေက လမ်းတလျှောက် ရမ်းသန်းပစ်ခတ်ခဲ့ရာ ညအချိန် ကျွဲပျောက်လို့ရှာနေတဲ့ အသက် ၃၀ ကျော်အရွယ် တုံးလုံရွာသား အမျိုးသားတဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နဘားရွာအနီးကို လက်နက်ကြီးတွေနဲ့ ၃ နာရီကြာ ရမ်းသန်းပစ်ခတ်ခဲ့ရာ ကမ်းနီရွာက လူနေအိမ် ၁ လုံးနဲ့ နန်းမကြိုင်းရွာက နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး နဘားရွာက ဈေးဆိုင်တွေကိုလည်း ဝင်ရောက်ရှာဖွေကာ ခရီးသွား ကားသမား‌တွေဆီက လက်ကိုင်ဖုန်း ၄ လုံးနဲ့ ပိုက်ဆံ ၁၅ သိန်း ယူဆောင်သွားတယ်လို့ IR အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာ အရှေ့ဘက် သံဘိုရွာနဲ့ ကြိုကန်ရွာကို မတ်လ ၁၅ ရက် နေ့လယ်လောက်က စစ်ကောင်စီရဲ့ ရွှေဘိုလေ့ကျင့်ရေးတပ်က အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်း ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံ ၁,၅၀၀ ကျော် မိုးလေထဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်လာတဲ့အတွက် သံဘိုရွာက ဒေသခံပြည်သူတွေဟာ  အသက်လုပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့ရာ ဆိုလာမီးကနေ ရှော့ဖြစ်ပြီး နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုးခဲ့ရတယ်လို့ ကျေးရွာကာကွယ်ရေးအဖွဲဝင်တဦးက ပြောပါတယ်။

မတ်လ ၁၃ ရက်ကလည်း ရွှေဘို ကိုပင်ရွာကနေ စစ်ကြောင်းထိုးဝင်ရာက်လာပြီး စစ်ကောင်စီတပ်တွေက သံဘိုရွာက ကာကွယ်ရေးအဖွဲဝင် ကင်းထောက်နှစ်ဦးကို ဖမ်းဆီးကာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ထားခဲ့တယ်လို့လည်း ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလက သံဘိုရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က  မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရင်း နီးစပ်ရာ တောထဲမှာပဲ တဲထိုးနေထိုင်ခဲ့ရာ စစ်ကောင်စီတပ်တွေက တောထဲထိ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ မတ် ၁၅ ရက် ညနေပိုင်းက မီးသတ်ဦးစီးဌာန မြို့နယ်မှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဗန်းမောက်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မှူး ဦးခူးပိုလီကပ်ဟာ နေအိမ်မှာရှိနေစဉ် အမည်မသိ သေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မီးသတ်ဌာနနဲ့နီးစပ်သူ ဒေသခံတဦးက “ညနေ ၄ နာရီလောက်က ဝန်ထမ်းအိမ်ရာထဲမှာ မြို့နယ်မှူးက သူ့သားကို ထမင်းကျွေးနေတုန်း လာပစ်သွားတာ။ သေနတ်နဲ့ သုံးချက်ပစ်တယ်။ ဘယ်သူပစ်တာလဲ ဆိုတာတော့ မသိလိုက်ဘူး” လို့ ပြောပါတယ်။

အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့လို့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မှူး ဦးခူးပိုလီကပ်ဟာ ရင်ဘတ်နဲ့ ခါးကို ကျည်ထိမှန်ပြီး မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသစဉ် သေဆုံးခဲ့ပါတယ်။

ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013