
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်ဓာတ်အား ၃ လကျော်ကြာ ပြတ်တောက်နေတာကြောင့် ထိုင်းနိုင်ငံက ဓာတ်အားလိုင်းကို သုံးစွဲသူတွေများလာပြီး ငွေကြေးကုန်ကျမှု ပိုများလာတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြဝတီမြို့မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
အရင်က ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အားယူတဲ့နေရာမှာ တယူနစ်ကို ၈ ဘတ်ပေးရပြီး အခု တိုက်ရိုက်သွယ်ရင် တယူနစ်ကို ၁၀ ဘတ်ဖြစ်သွားကာ မြဝတီမြို့ကလူတွေအနေနဲ့ ထိုင်းမီးကို လျှောက်မယ်ဆိုရင် အခုက မြန်မာငွေ သိန်း ၄၀ ကနေ သိန်း ၆၀ ထိ ပေးရတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလို ထိုင်းနိုင်ငံဘက်ကမီတာကို တိုက်ရိုက် မလျှောက်နိုင်တဲ့သူတွေက အရင်လျှောက်ပြီးသားလူတွေရဲ့ မီတာကနေ တဆင့်ခံ ပြန်ယူတာရှိပြီး အဲဒီလိုယူရင် ပိုင်ရှင်ပေါ်မူတည်ပြီး တယူနစ်ကို ၁၅ ဘတ်ကနေ ဘတ် ၂၀ ထိ ပေးရကာ အခု ဘတ်ဈေးက ၁ ဘတ်ကို မြန်မာငွေ ၈၅ ကျပ်နီးပါး ဖြစ်နေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အရင်က ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို သွယ်ယူသုံးစွဲတာက မြန်မာလျှပ်စစ်ဓာတ်အားလိုင်းထက် ပိုကောင်းပြီး မီးပုံမှန်လာတဲ့အခြေအနေမို့ သုံးစွဲတာဖြစ်ပေမဲ့ အခုအခါမှာတော့ သုံးစွဲသူ များပြားလာတဲ့အပြင် ထရန်စဖော်မာတွေ လျော့နည်းသွားတာကြောင့် မီးအားမတည်မငြိမ်ဖြစ်ပြီး သုံးစွဲတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
ဒေသခံတယောက်က “အရင်တုန်းက ဖားကျောင်း၊ မဲကနယ်၊ ဝှေ့ရှမ်းအထိ သွယ်လို့ရတယ်။ အခုက အဲဒီမှာ အရင်ပေးထားတဲ့ ထရန်စဖော်မာတွေကို ထိုင်းဘက်က ပြန်သိမ်းသွားပြီ။ အဲဒါကြောင့် အခု အဲဒီဘက်တွေက ထိုင်းမီးလိုင်းသုံးမရတော့ဘဲ မြန်မာမီးကိုပဲ သုံးနေရတယ်” လို့ ပြောပါတယ်။
သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံကနေ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးလွှတ်နိုင်ဖို့အတွက် ထရန်စဖော်မာ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးတာ တလရှိပြီဖြစ်ပေမဲ့ လျှပ်စစ်ဓာတ်အားကတော့ ဒီနေ့အချိန်ထိ ပေးလွှတ်နိုင်တာ မရှိတာကြောင့် အစိုးရရုံးတွေတောင်မှ ထိုင်းမီးလိုင်းကိုပဲ သုံးနေရတယ်လို့ မြဝတီမြို့ လျှပ်စစ်ဌာနနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အခုလို ၃ လကျော်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။