DVB Logo
Home
Lead Story
ခွေးခြင်္သေ့ ယိုတဲ့မစင် ရွှေရမယ်ထင် ကျင်လိုတဲ့ နိုင်ငံရေးလဒများ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
March 16, 2023
ခွေးခြင်္သေ့ ယိုတဲ့မစင် ရွှေရမယ်ထင် ကျင်လိုတဲ့ နိုင်ငံရေးလဒများ (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ အကြမ်းဖက်လုယူခဲ့ပြီး ပြည်သူ့သွေး အထပ်ထပ် လူးနေတဲ့ စစ်မိစ္ဆာကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့ပြီး နိုင်ငံတဝန်းစည်းရုံးမယ့်ပါတီဟာ ပါတီဝင်တသိန်းနဲ့ ပါတီရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ရှိရမယ်လို့ တရားမဲ့ပြဋ္ဌာန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တနေရာမှာမှ အမတ်နေရာ အရွေးမခံခဲ့ရတဲ့ ပြည်သူ့ပါတီ (PP) နဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP) ပါတီ ပူးပေါင်းထားတဲ့ ပါတီအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) (NDP KACHIN)၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီနှင့် အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY)၊ သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY)၊ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) စတဲ့ နိုင်ငံရေးပါတီ ၁၃ ခုဟာ တရားမဝင် အာဏာလု စစ်ဓားပြတွေက ကျင်းပပေးမယ့် တရားမဝင် ရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် ပါတီမှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြည်သူ့‌သွေးအလိမ်းလိမ်း‌ ပေကျံနေတဲ့ စစ်မိစ္ဆာတွေလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်သူဆိုတာ ခွေးခြင်္သေ့ယိုတဲ့မစင် ရွှေရမယ်ထင် ကျင်လိုတဲ့နိုင်ငံရေးလဒအုပ်များ ပမာပါပဲ။ လဒဆိုတာ အပုပ်အစပ်ကိုကြိုက်တတ် မသန့်ပြန့်တဲ့ အပုပ်ကောင်ကို စားတတ်တာ အားလုံးသိပြီး ဖြစ်ပါတယ်။

အခုလည်း ပြည်သူ့မဲနဲ့ ဘယ်တုန်းကမှ အမတ်နေရာ မရနိုင်သူတွေက အခုလို ပြည်သူ့ပါတီက ပြည်သူက ရွေးကောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် အမတ်တွေကို ဖမ်းဆီးသတ်ဖြတ် ထောင်ချထားပြီး တရားမဝင်ကျင်းပမယ့် ရွေးကောက်ပွဲကို အချိုအချောင်နှိုက်တာဟာ အခွင့်အရေးသမား နိုင်ငံရေးလဒများလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ခေတ်ပျက်မှာ လူရာဝင်ချင်၊ နေရာယူချင်တတ်တာ အရှက်သိက္ခာမရှိလို့ဘဲ မဟုတ်ပါလား။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ တာဝန်ခံမယ့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရှိပါက ပါတီဖျက်သိမ်းမယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ကိုကိုကြီးက အရှက်မရှိ လူပုံအလယ် ပြောခဲ့ပါသေးတယ်။

နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုဟာ အခွင့်ထူးခံ အကြမ်းဖက် စစ်မိစ္ဆာတွေကို လုံလောက်တဲ့အချိန်နဲ့ သူတို့အမှားတွေကို ပြင်ဆင်ဖို့ အခွင့်အရေးတွေ ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလို အမြီးမဖြောင့်သွားဘဲ ပြည်သူ့ဦးခေါင်းထက် တက်ထိုင်၊ အခွင့်ထူးခံပြီး သမ္မတတက်လုပ်ချင်တဲ့ အာဏာရူးနဲ့ လက်ပါးစေတသိုက်ဟာ ခွေးဇာတ်ဆက်ခင်းပြီး တိုင်းပြည်အရေး၊ နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင် ဗိုလ်ကျတဲ့လမ်းစဉ်နဲ့ အကြမ်းဖက်ဖြေရှင်းခဲ့ကြတာ အားလုံးသိပြီးသားပါ။

ခွေးရူးများပမာ အာဏာဗိုင်းရပ်စ် ဦးနှောက်ကိုစားခံရတဲ့ ခွေးခြင်္သေ့ရူးနဲ့ စစ်ခွေးတွေကို ပါတီနိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ မရှက်မကြောက် ကိုကိုကြီး ပြောဆိုတာဟာ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံရေးရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို လုံးလုံးနားမလည်တာ ဖြစ်ချင်ဖြစ်၊ သိလျက်နဲ့ အရေးပါချင် အာဏာမင်လို့သာ ဒီစကားကို ပြောတာဖြစ်ပါတယ်။

ဒီနေရာမှာ ကြားဖြတ်လို့ နိုင်ငံရေးအဟောသိကံ မဖြစ်စေဘို့ ဆောင်းပါးမှာ စာ‌ရေးသူက နိုင်ငံရေးဆိုတာ လူအားလုံးရဲ့ အရေးကိစ္စဖြစ်တယ်။ နိုင်ငံရေး၊ တိုင်းပြည်အရေးဟာ လူတိုင်းရဲ့ ဘဝကိစ္စဖြစ်လို့ လူတိုင်းနဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့ အာဏာရှင်ရဲ့ စစ်ဖိနပ်အောက်က နိုင်ငံရေး ဆိုတာကတော့ လက်နက်အင်အားရှိသူတွေက ခြယ်လှယ်ဗိုလ်ကျတဲ့ အမိန့်ရအာဏာနိုင်ငံရေး ဖြစ်တာမို့ အခွင့်ထူးခံလူတစု ဟန်ရေးပြတဲ့ ပြဇာတ်တပုဒ်လို ဇာတ်တိုက်ထားတဲ့ ခေါင်းညိတ်၊ အလေးပြု လက်ခုပ်တီးတဲ့ အခမ်းအနားတက် အာဏာရှင်စနစ်ရှင်သန်ရေး စစ်ကျွန်နိုင်ငံရေးသာ ဖြစ်တယ်လို့ ရေသားခဲ့ဖူးပါတယ်။

တိုင်းပြည်ရဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့တဲ့ အောက်ပါ နိုင်ငံရေးအဓိပ္ပာယ် ဖွင့်ဆိုချက်တွေကလည်း ရှင်းရှင်းလေးသာဖြစ်ပါတယ်။ “နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသောကိစ္စပင် ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏”

“နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ ပြောဆိုကြသောသူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာဖြစ်ပေ၏။ အမှန်မှာ ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်၊ မိမိတို့အကောက်ဉာဏ်ကိုသုံး၍ မိမိတို့ကြီးပွားရေး တနပ်စားနိုင်ငံရေးပင် ဖြစ်ပေ၏။”

“အလွန်မွန်မြတ်တဲ့ နိုင်ငံရေးထဲမှာ တခါတရံ လူယုတ်မာတွေ ပါကောင်းပါလာမယ်။ အဲဒါကြောင့် နိုင်ငံရေးလုပ်တာ မကောင်းဘူးလို့ ဆိုရတော့မှာလား။ ဒီ‌နေရာမယ် ဥပမာတခု ပြောပြချင်တယ်။ ဒီအဆောက်အဦကြီးဟာ (အိုးရီးရင့်ကလပ်ကို ညွှန်းတာ) လူအများစုဝေးဖို့ ဆောက်ထားတယ်။ အစောင့်အကြပ် ကင်းမဲ့ချိန်မှာ တခါတရံ ခွေးလေခွေးလွင့်တွေ တက်အိပ်နေကြတယ်။ အဲဒီလို ခွေးလေခွေးလွင့်တွေ တက်အိပ်တာကိုကြည့်ပြီး အဲဒီအဆောက်အဦဟာ ခွေးအိပ်ဖို့ ဆောက်ထားတာပါလို့ ဆိုရင် မှန်ပါ့မလား။ မမှန်ဘူး။”

“ဒါကြောင့် နိုင်ငံရေးကလည်း ဒီလိုပဲ။ အင်မတန် မွန်မြတ်ပါတယ်။ ဒီအဆောက်အဦကြီးအပေါ် ခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေးလောကထဲ ဝင်လာတတ်ပါတယ်။ အဲဒီလိုဝင်လာတဲ့အခါ ကျနော်တို့ နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြည်မပြတ် ဟန့်တားဝိုင်းပယ်နိုင်တာနဲ့အမျှ နိုင်ငံရေးလောကကြီးဟာ သန့်ရှင်းစင်ကြယ် မွန်မြတ်လာပါလိမ့်မယ်” လို့ ဆိုခဲ့သလို ဗိုလ်ချုပ်က စားဖားနိုင်ငံရေးသမားတွေ ညီညွတ်တာကိုလည်း လုံးဝလက်မခံခဲ့ပါဘူး။

စစ်ဓားပြအုပ်စုက သူတို့ တရားမဝင် အာဏာလုယူထားတာကို တရားဝင်အောင် ကောက်ကျစ်ယုတ်မာစွာ စီမံထားတဲ့ ပြည်သူအလိုမတူတဲ့ အခုလာမယ့် စစ်ကျွန်ရွေးကောက်ပွဲဝင်ဖို့ ပါတီတွေ မှတ်ပုံတင်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သလို ပြည်သူလူထုအပေါ် သစ္စာဖောက်ကြတဲ့ စားဖားနိုင်ငံရေးလဒတွေ စုံညီကခုန်ဖို့ နိုင်ငံရေးလောကဇာတ်ခုံပေါ် ဝင်ရောက်နိုင်အောင် ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သလို တိုင်းရင်းသား လုပ်သားပြည်သူတွေ အားလုံးနဲ့တကွ ကျနော်တို့ နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြည်မပြတ် ဟန့်တား ဝိုင်းပယ်ကြရမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပြီး ပြည်သူ့သွေး အလိမ်းလိမ်းလူးပေလို့ နိုင်ငံတော်ကို အခါခါလုပ်ကြံခဲ့ကြတာမို့ နိုင်ငံရေးစားပွဲဝိုင်းနဲ့ မထိုက်တန်တော့တဲ့ စစ်ဓားပြတပ်နဲ့ လက်ပါးစေ ပြည်သူသတ်သမားတွေဆိုတာ မတော်လောဘနဲ့ အာဏာရူးဗိုင်းရပ်စ်ပိုး ဦးနှောက်ထဲ ရောက်သွားတဲ့ ခွေးရူးများသဖွယ် အန္တရာယ်အလွန်ကြီးပါတယ်။ အဲ့ဒီ ပြည်သူ့ကျိန်စာစူးနေတဲ့ စစ်ခွေးရူးတွေကျင်းပမယ့် ရွေးကောက်ပွဲဝင်ပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာကြမယ့် အမည်ခံ ပြည်သူ့ပါတီ (PP) ကိုကိုကြီးနဲ့တကွ နိုင်ငံရေးပါတီ ၁၃ ဖွဲ့လည်း ခွေးရူးအကိုက်ခံရပြီး ခွေးရူးပြန်ရောဂါ မရပါစေနဲ့လို့ ဆန္ဒပြုလိုက်ရပါကြောင်း။

မင်းကောင်းချစ်

(သူ့အတွေး သူ့အမြင် – Op-Ed) (ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

ကိုးကား - ဇန်နဝါရီလ ၂၀ ရက် ၁၉၄၆ ခုနှစ် အလယ်ပစ္စယံညီလာခံ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း - Credit to တို့ဗမာအစည်းအရုံး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013