DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒေသခံအချို့ကို စစ်တပ်က စွပ်စွဲဖမ်းဆီး၊ အမျိုးသား ၂ ဦး ပစ်ခတ်ခံရ
DVB
·
March 15, 2023
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒေသခံအချို့ကို စစ်တပ်က စွပ်စွဲဖမ်းဆီး၊ အမျိုးသား ၂ ဦး ပစ်ခတ်ခံရ
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာနဲ့ မင်းထိန်ရွာကြားမှာ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တောကြီးမြွေဟောက်အဖွဲ့က မတ်လ ၁၃ ရက် နေ့လယ် ၁ နာရီလောက်မှာ ပဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့ကနေ သိရပါတယ်။

“စခတွေဘက်က အင်အား ၁၀၀ လောက်ရှိတယ်။ ခြေလျှင်စစ်ကြောင်းချီလာတာ။ ကျနော်တို့ဘက်က ပဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်” လို့ တိုက်ပွဲဝင် ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတဲ့အပြင် ၂၀ ကျော်သေဆုံးပြီး တောကြီးမြွေဟောက်အဖွဲ့ဘက်က အထိအခိုက် အကျအရှုံး မရှိဘူးလို့လည်း သိရပါတယ်။

“ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိပြီး သွားလာကြဖို့၊ စခတွေအန္တရာယ်မှ လွတ်ကင်းပြီး နေထိုင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ ကျ‌ေနာ်တို့အဖွဲ့က ဆက်လက်တိုက်ပွဲတွေ ဖော်ဆောင်ဦးမယ်” လို့ တောကြီးမြွေဟောက်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တောကြီးမြွေဟောက်အဖွဲ့ဟာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ လက်အောက်ခံ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပုလောမြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံ အရပ်သားပြည်သူတချို့ကို PDF ထောက်ပို့နေသူတွေလို့ စွပ်စွဲပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက် ည ၇ နာရီလောက်က မလိဝမ်းကျေးရွာနေ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူတို့ထဲက ပတ်သက်ဆက်နွှယ်သူတချို့ကို အခုရက်ပိုင်း‌တွေမှာ လိုက်လံဖမ်းဆီးနေတာလို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ‌ ၄ ဦးကို ဘာကြောင့်ဖမ်းဆီးခဲ့သလဲ ဆိုတာကို အတိအကျ မသိရသေးပေမဲ့ သူတို့နဲ့ပတ်သက်သူတချို့ကိုတော့ PDF ထောက်ပို့လို့ ဆိုပြီး လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီလူတွေကို PDF‌ ထောက်ပို့လို့‌ စွပ်စွဲပြီး လိုက်ဖမ်း‌နေကြတာပါ။ ဖမ်းခံရတဲ့ သူတွေထဲက တယောက်ကို သူနဲ့ပတ်သက်တဲ့လူတွေရဲ့ နေရာတွေကို လိုက်ပြခိုင်းတယ်။ အခု ရွာကနေ ၅ ယောက်လောက်အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဒီရွာရဲ့ ရေတံခွန်နားက ခြံထဲမှာ အလုပ်လုပ်တဲ့ လူငယ်တယောက်ရဲ့ အိမ်ကိုလည်း အတင်းဝင်ပြီးတော့ လူမတွေ့လို့ဆိုပြီး အိမ်မှာရှိတဲ့ ဆိုလာပြားတွေ တခြားပစ္စည်း‌တွေကို စစ်တပ်က ယူသွားတယ်။”

ဖမ်း‌ဆီးခံရသူ ၄ ဦးမှာ အရင် ရပ်ကျေးပါတီဝင် ၁ ဦးနဲ့ ဈေးဆိုင်ပိုင်ရှင် ၁ ဦးတို့ ပါဝင်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားဆဲလို့ သိရပါတယ်။

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို မတရား လိုက်လံဖမ်း‌ဆီး စစ်‌ဆေးနေတဲ့အပေါ် ကျေးရွာနေပြည်သူတွေ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မိကျောင်းလှောင်းရွာသစ်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်ရှိ ကိုမောင်မောင် ဆိုသူနဲ့ တရွာတည်းနေထိုင်တဲ့ ကိုထက်ထက်အောင်တို့ ၂ ဦး မတ်လ ၁၁ ရက် ည ၈ နာရီလောက်က နတ်အိမ်တောင် တောင်တက်လမ်းမှာ သေနတ်နဲ့အပစ်ခံရပြီး ကိုထက်ထက်အောင်ဟာ တင်ပါးမှာ ဒဏ်ရာရပြီး ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ကိုမောင်မောင်ဟာ စစ်ကောင်စီနဲ့ ပတ်သက်နီးစပ်သူဖြစ်ပြီး သေနတ်ကိုင်ဆောင်သူ ဖြစ်တယ်လို့ သိရပါတယ်။

“ကိုမောင်မောင်မှာ သေနတ် ၂ လက်ရှိတာ ရွာသားတွေ တော်တော်များများ သိတယ်။ သူက စစ်တပ်နဲ့လည်း နီးစပ်တယ်။ သတင်းပေးလို့လည်း နာမည်ကြီးတယ်။ အခု ပစ်ခံရတော့ ကိုမောင်မောင် မထိဘဲ အနောက်ကလူမှာထိတယ်၊ တင်ပါးမှာ။ အခုကတော့ ဆေးရုံမှာပါ။ သူတို့က မြို့ထဲမှာ သတင်းမပေါက်အောင် ပစ်ခံရတဲ့လူရဲ့ မိသားစုတွေကိုပါ မပြောဖို့ လိုက်တားနေတယ်” လို့ ကလိန်အောင်မြို့ခံတဦးက ပြောပါတယ်။

သူတို့နှစ်ယောက်ကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်တာမျိုး မတ်လ ၁၅ ရက်နေ့အထိ မတွေ့ရသေးပါဘူး။

ကလိန်အောင်မြို့နယ် မိကျောင်းလှောင်းရွာသစ်က ကိုကျော်သူထွေးနဲ့ သူ့မိသားစုဝင်တွေ ဖြစ်တဲ့ မမီးအေး၊ မဇင်မိုးတို့ ၃ ဦးလည်း မတ်လ ၁၂ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

ကလိန်အောင်မြို့နယ်ထဲက ကျေးရွာတွေမှာ မတ်လ ၉ ရက်ကစပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ၆ ဦးထက်မနည်း ရှိပြီး အားလုံး ပြန်လွတ်လာခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013