DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး DENKO ဆီဆိုင်ကို မီးရှို့ဖျက်ဆီး၊ စစ်တပ်က PDF ၃ ဦးနှင့် ဒေသခံအမျိုးသမီး ၁ ဦးကို ပစ်သတ်
DVB
·
March 15, 2023
ဘုတလင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး DENKO ဆီဆိုင်ကို မီးရှို့ဖျက်ဆီး၊ စစ်တပ်က PDF ၃ ဦးနှင့် ဒေသခံအမျိုးသမီး ၁ ဦးကို ပစ်သတ်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မြို့အဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ သစ်တောရုံးနဲ့ ကြောင်ပန်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်သားတွေ ကင်းပုန်းဝပ်တဲ့ Denko ဆီဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Myanmar Defense Force က ထုတ်ပြန်ပါတယ်။

မတ်လ ၁၄ ရက်၊ မနက် ၁၁ နာရီလောက်က ဘုတလင်မြို့အဝင် ကြောင်ပန်းဂိတ်နဲ့ သစ်တောရုံးအတွင်း အထိုင်ချတပ်စွဲတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ် နေရာယူထားတဲ့ ၃ ထပ်တိုက် အဆောက်အအုံကိုလည်း RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ် ကင်းပုန်းချထားတဲ့ DENKO ဓာတ်ဆီဆိုင်ကိုလည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Myanmar Defense Force- MDF မှ တာဝန်ရှိသူက “ဘုတလင်မြို့အဝင် ကြောင်ပန်းဂိတ်နဲ့ ကြောင်ပန်းဂိတ်ဘေးက သစ်တောရုံးမှာ ကင်းပုန်းဝပ်ပြီး လမ်းပေါ်မှာ ဆိုင်ကယ်တစီးကို ၄၀,၀၀၀ နှုန်း ကောက်နေတာတွေရှိတယ်။ တခြား ကားနဲ့ ယာဉ်တွေကိုလည်း မထင်ရင် မထင်သလို စစ်ဆေးပြီး ပိုက်ဆံတောင်းခံတာတွေ လုပ်နေလို့ ကျနော်တို့က ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ Denko ဆီဆိုင်က ပိတ်ထားတာကြာပြီ။ လူတော့မရှိဘူးပေါ့။ အဲ့ဒီဆီဆိုင်က သူတို့ မကြာခန ကင်းပုန်းဝပ်တာ၊ တထောက်နားတာမျိုး လုပ်နေလို့ နောက်ထပ် ကင်းပုန်းတွေ မဝပ်နိုင်အောင် တခါတည်း မီးရှို့ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို MDF-Special Force (ရွှေဘိုခရိုင် အမှတ်-၂၆) တပ်ရင်းမှ လင်းယုန်စစ်ကြောင်း၊ ကျောင်းသားလက်ရုန်းတပ်တော် (SAF) နဲ့ ဗန္ဓုလတပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှု များနိုင်တယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်မှာပဲ ပဲပြစ်တောကျေးရွာအနီးက ဘုန်းကြီးလမ်းခွဲမှာ PDF သုံးဦးနဲ့ ဒေသခံအမျိုးသမီးတဦးကို ဒီနေ့ မတ် ၁၅ ရက် မနက် ၅ နာရီမှာ စစ်ကောင်စီတပ်က ပစ်သတ်ထားခဲ့ပြီး PDF ၃ ဦးရဲ့ လက်နက်တွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ စတင်စစ်ကြောင်းထိုးလာပြီး အခုလို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ စစ်ကြောင်းထိုးလာပြီလို့ သတင်းကြားတာနဲ့ ရွာတွေကလူတွေ ထွက်ပြေးကြရတယ်။ အဲဒီလိုပြေးရင်းနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး အခုလို သတ်ဖြတ်ခံလိုက်ရတယ်။ အသတ်ခံရတာက ချင်းတပ်က ၂ ယောက်၊ တပ်ရင်း-၃ က တယောက်နဲ့ ပဲပြစ်တောက အမျိုးသမီးတဦးကို သတ်သွားတာပါဗျ။ PDF တွေရဲ့ လက်နက်တွေနဲ့ ကျည်ဆန်တွေကို ယူသွားကြတယ်” လို့ ဘုတလင်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က PDF ၃ ဦးနဲ့ ပြည်သူတဦးကို သတ်ဖြတ်ပြီး မနက်ပိုင်းမှာ ဘုတလင်မြို့ထဲ ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် သတ်ဖြတ်ထားခဲ့တဲ့သူတွေကတော့ ကိုလင်း၊ ကိုဇာနီအောင်၊ ကိုဒေးဗစ်နဲ့ ပဲပြစ်တောရွာက ဒေသခံအမျိုးသမီးတဦးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013