DVB Logo
Home
မြန်မာသတင်း
စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဒီးမော့ဆိုဒေသခံများ ထွက်ပြေး၊ အရေးပေါ်အကူအညီလိုအပ်
DVB
·
March 14, 2023
စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဒီးမော့ဆိုဒေသခံများ ထွက်ပြေး၊ အရေးပေါ်အကူအညီလိုအပ်
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းဒေသအတွင်း စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရသလို တချို့ ပိတ်မိနေပြီး ထွက်ပြေးတိမ်းရှောင်သူတွေ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်ကစပြီး စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းခဲ့ပြီး မတ်လ ပထမအပတ်အတွင်းမှာ စစ်ကြောင်းထိုးလာခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အခုရက်ပိုင်းကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေအပြင် စစ်ရှောင်တွေလည်း ထပ်မံ ထွက်ပြေးနေကြရပါတယ်။

ဒေသခံ ကူညီကယ်ဆယ်အရေးအဖွဲ့ တာဝန်ရှိသူတဦးက “ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ကြောင်းထိုးတယ်။ ပြီးတော့ တဖက်အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေရှိတဲ့အတွက် တိမ်းရှောင်ကြတာပေါ့။ အရပ်လေးမျက်နှာလုံး၊ နောက်ပြီးတော့ အင်အားအလုံးအရင်းနဲ့ ထိုးလာတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ ထိတ်လန့်မှုတွေ ဖြစ်တဲ့အခါကျတော့ အဲလို တိမ်းရှောင်ကြတာပေါ့” လို့ ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှာ ဒေသခံတွေအပြင် စစ်ရှောင်တော်တော်များများရှိနေပြီး တချို့က ဒီးမော့ဆိုအနောက်ခြမ်း၊ တချို့ကတော့ မြို့ပေါ်တက် တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွာထဲပိတ်ကျန်နေသူတွေ ရှိနေသလို ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်နေကြောင်းလည်း စစ်ရှောင်ကူညီသူက ပြောပါတယ်။

“ရွာအနေနဲ့က အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာအကုန်လုံးနီးပါးပေါ့နော်။ စစ်ကြောင်းတွေ ဝင်လာပြီဆိုရင် ကြောက်လန့်မှုတော့ ရှိမှာပဲ။ အဲတော့ ရွာတိုင်းနီးပါး စစ်ရှောင်ပြီးသားလူတွေလည်း ထပ်ဆင့် ပြန်ရှောင်ကြတာပေါ့။ အခုထက်ထိလည်း ပိတ်ကျန်နေတဲ့ စစ်ရှောင်တွေ အများကြီးရှိသေးတယ်။ လမ်းစရိတ် စခန်း မတတ်နိုင်လို့ပေါ့နော်။ ဒါ့အပြင် သွားလာဖို့ အဆင်မပြေတဲ့သူတွေလည်း စစ်ကြောင်းတွေအတွင်း ပိတ်ကျန်နေသူတွေလည်း ရှိတယ်။ တချို့ ဒီဘက်တွက်လာတဲ့ စစ်ရှောင်အတော်များများကလည်း အခြေအနေ အကြောင်းအမျိုးမျိုးကြေင့် ဘာမှမပါလာဘဲနဲ့ ရောက်လာတဲ့ဟာမျိုးတွေ အများကြီးရှိတာပေါ့နော်။ ဆို‌တော့ စားဖို့သောက်ဖို့၊ ဝတ်ဖို့ နေဖို့ထိုင်ဖို့ကအစ အများကြီး လိုအပ်ချက်တွေရှိတယ်။ အထူးသဖြင့် လိုအပ်တာက စားသောက်ကုန်ခြောက်ရယ်၊ အမိုးအကာတွေပေါ့။”

အင်အား ၂၀၀ လောက်ရှိတဲ့ ဘောလခဲမြို့က ထုတ်နုတ်တပ်အပါအဝင် ခမရ ၄၂၉ တပ်ရင်းနဲ့ အမှတ် ၇၇ ခြေမြန်တပ်ရင်း ပူးပေါင်းတပ်တို့ဟာ ပြီးခဲ့တဲ့ မတ် ၉ ရက် မနက်ကစပြီး ဒေါတမကြီးအုပ်စုဘက်ကို ဦးတည် ထိုးစစ်ဆင်နေခဲ့တာကြောင့် ဒေါတမကြီးကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၇ ရွာဟာ ဘေးလွတ်ရာ စစ်ဘေးရှောင်စခန်းဆီ ထွက်ပြေးတိမ်းရှောင်ခဲ့တာလို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် မတ်လဆန်းအထိ ကရင်နီ စစ်ဘေးတိမ်းရှောင်သူ ဦးရေ ၂ သိန်းကျော် ရှိလာပြီလို့ ကရင်နီအရပ်ဘက်အဖွဲ့အစည်း (KCSN) ရဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013