DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃,၁၂၄ ဦးကို သတ်ဖြတ်ပြီး ၁၆,၅၀၀ နီးပါး ချုပ်နှောင်ခံထားရ
DVB
·
March 14, 2023
အာဏာသိမ်း ၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃,၁၂၄ ဦးကို သတ်ဖြတ်ပြီး ၁၆,၅၀၀ နီးပါး ချုပ်နှောင်ခံထားရ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၂၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၃၅၉ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၄၉၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၀၆၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၅ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၄၁ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက် မနက် ၁ နာရီလောက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ထဲက မျိုးသန့်ဆံသဆိုင်ကို အင်အား ၂၀ လောက်ပါဝင်တဲ့ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး ဆိုင်ရှင်အပါအဝင် ဒေသခံ ၇ ယောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ဆိုင်ရှင် ကိုမျိုးသန့်၊ ကိုဖိုးချမ်း၊ ဦးဖုလမ်ခိုင်၊ ဦးချစ်ခိုင်၊ ဦးကျော်မြင့်၊ ဦးနောင်နောင် (ခ) ဦးဖြိုးကျော်နဲ့ ဦးအောင်ဇေယျတို့ ဖြစ်ကြတယ်လို့ သိရပြီး လက်ရှိမှာတော့ သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၁၂ ရက် မနက် ၆ နာရီခွဲလောက်က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးလားလားရဲ့နေအိမ် ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စု မောရဝတီရေတပ်မှ စစ်သားတွေက အဆိုပါကျေးရွာဆီ ရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ကာ ဒေသခံ ၃ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ကျန်းမာရေးမှူးဟောင်းဖြစ်တဲ့အပြင် နိုင်ငံရေးအကျဥ်းသားဟောင်းလည်းဖြစ်တဲ့ ဦးအောင်မင်း၊ ဒေါ်အောင်မဲနဲ့ ကိုအောင်ကျော်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဦးအောင်မင်းဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ပုဒ်မ ၅၀၅-က နဲ့ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ပြန်လည်လွတ်မြောက်လာသူ ဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013