DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ အိဆန်ဒေသတွင် မြန်မာလုပ်သားဇနီးမောင်နှံ၏ အလောင်းတွေ့ရှိ
DVB
·
March 14, 2023
ထိုင်းနိုင်ငံ အိဆန်ဒေသတွင် မြန်မာလုပ်သားဇနီးမောင်နှံ၏ အလောင်းတွေ့ရှိ
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း၊ အိဆန်ဒေသမှာ မြန်မာလုပ်သားဇနီးမောင်နှံဟာ မိဘ ဆွေမျိုးတွေနဲ့ ရက်အနည်းငယ်အဆက်သွယ်ပြတ်သွားပြီးတဲ့နောက် သူတို့နှစ်ဦးကို သေဆုံးနေတဲ့ အလောင်းအနေနဲ့ ပြန်တွေ့တယ်လို့ AAC အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့က  ပြောပါတယ်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ကနေ မကြာသေးခင်ကမှ ထိုင်းကိုရောက်လာတဲ့   မောင်သူရဇော် ( ၂၃ နှစ် )နဲ့ နှင်းဝတ်ရည် ( ၂၃ နှစ် )တို့ ဇနီးမောင်နှံဟာ အလုပ်အကိုင်ရှာဖွေစဉ် ဘန်ဘော်မြို့က ပွဲစားတယောက်အဆက်အသွယ်နဲ့ အီဆန်ဒေသ၊ ဆီစကစ်ခရိုင်၊ ကန်ထရာရူမ်းမြို့နယ်မှာ ခြံအလုပ်သမားအဖြစ် အလုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာပြည်ကမိသားစုနဲ့ နေ့စဉ်ဆက်သွယ်နေရာက မတ်လ  ၅ ရက်နေ့မှာ အဆက်အသွယ်ပြတ်သွားပြီး ၈ ရက်နေ့မှာတော့ ရေကန်ထဲမှာ သူတို့အလောင်းကိုတွေ့တာလို့ AAC အလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။ 

“ရေကန်ထဲကနေ သူတို့အလောင်းတွေတွေ့တယ်လို့ အလုပ်ရှင်နဲ့နီးစပ်သူက အလုပ်ရှာပေးတဲ့ ပွဲစားကို အကြောင်းကြားပြီး သူတို့အမျိုးတွေက သွားကြည့်ပေးပါဦးလို့ အကူအညီလှမ်းတောင်းလို့ ကျနော်တို့အဖွဲ့ကလိုက်သွားပါတယ်။ ဘန်ကောက်ကနေ ၇ နာရီကြာကားစီးရတယ်ခင်ဗျ၊ ဟိုရောက်တော့ သူတို့အလောင်းက ဆေးရုံရောက်နေပြီ။ ဆေးရုံမှာအလောင်းကိုစစ်ဆေးနေတယ်။ ရဲကတော့သူတို့ဖာသာရေနစ်ပြီးသေတဲ့ပုံစံနဲ့ ကျနော်တို့ကိုပြောတယ်။ ဒီကောင်လေးက တံငါရွာကနေလာတာ ရေကူးအရမ်းကျွမ်းတယ်။ ရေနစ်သေတာလုံးဝမဖြစ်နိုင်ဘူး။ ပြီးတော့ နှစ်ယောက်လုံးသေတာ။ အလုပ်ရှင်ကလည်းဘန်ကောက်မှာ။ ခြံကိုသူတို့နဲ့ ပစ်ထားပြီး အဲလိုဖြစ်သွားတာ၊ သေတာတောင် လာမကြည့်ဘူး။”

ဒီမတိုင်ခင်ရှေ့က  သူတို့လင်မယား ၂ ယောက်ဆီကို အဲဒီခြံမှာအလုပ်လုပ်ခဲ့ဖူးတဲ့  ထိုင်း ၂ ‌ယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီး ရန်ရှာခဲ့သေးကြောင်း၊ အဲဒီ နှစ်ယောက်ဟာ အရက်မူးပြီး သောင်းကျန်းတတ်လို့ အလုပ်ရှင်က အလုပ်ဖြုတ်ပြီး မြန်မာဇနီးမောင်နှံကို ခန့်ထားတာလို့လည်း သိရတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းတွေကို သူတို့ နှစ်ယောက်က မြန်မာပြည်က မိဘတွေထံပြောပြထားပြီး အဲဒီရွာ ထဲကလူတွေကတော့ သူတို့အမှုကို သိပ်အလေးမထားဘူးလို့ ဆိုပါတယ်။

အလုပ်ရှင်အနေနဲ့လည်း မိမိအလုပ်သမားတွေသေဆုံးတာကို လာကြည့်ပြီး နစ်နာကြေး တွေရအောင် ဆောင်ရွက်ပေးသင့်ပေမဲ့ ကနေ့ထိရောက်မလာကြောင်း၊ သူတို့နာရေးကိစ္စ မီးသင်္ဂြိုဟ်ဖို့ကိစ္စတွေကို အေအေစီအဖွဲ့နဲ့ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေကပဲ ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ပွဲစားက သူတို့အလောင်းကို ၈ ရက်နေ့က တွေ့တယ်လို့ပြောပေမဲ့ ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့သတင်းမှာတော့အလောင်းကို ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၅၅ မိနစ်မှာ သွားဆယ်ပြီး ဒီသေဆုံးမှုအတွက် ဆွေမျိုးဘက်က အမှုမဖွင့်ဘူးလို့လည်းရေး ထားပါတယ်။  အဆိုပါ ပို့စ်အောက်မှာတော့ ဒီအမှုဟာ သွေးရိုးသားရိုးမဟုတ်ဘူး။ နောက်ကွယ်မှာ အကြောင်းအချက်တွေရှိတယ်လို့ ရေးသားဝေဖန်နေကြပါတယ်။ 

AAC အဖွဲ့က ဒီကနေ့မှာ အလောင်းထုတ်ဖို့စောင့်နေပြီး ဈာပနကိစ္စပြီးသွားလို့ ဆေးရုံက ဆေးစစ် ချက်မှာ သံသယဖြစ်စရာတွေတွေ့ရင် AAC အလုပ်သမားအဖွဲ့အနေနဲ့ အမှုမှန် ပေါ်ပေါက်ရေးနဲ့ သေဆုံးသူတွေအတွက် တရားမျှတမှုရရှိရေးဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်ရလိုမှုတစ်ခုတည်းသာမကြည့်ဘဲ အရေးကြုံက အချင်းချင်းကူညီဖေးမနိုင်အောင် မိမိမြန်မာလုပ်သားအဖွဲ့တွေ၊ ဆွေမျိုးနီးစပ် အသိအကျွမ်းတွေနဲ့ နီးတဲ့မြို့ရွာဒေသမှာသာ အလုပ်ရှာဖွေလုပ်ကိုင်ဖို့ အကြံပြုလိုကြောင်း၊ အခုလို ဝေးကွာတဲ့အရပ်မှာ ထီးတည်းသွားနေတော့ ပတ်ဝန်းကျင်ကလည်း သိပ်ပြီးအလေးမထားသလို အရေးပေါ်အကူအညီပေးဖို့လည်း ခက်ခဲတယ်လို့ AAC အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013