
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ သပြေညိုရေနံမှော်ထဲမှာ မတ် ၂၅ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိပါတယ်။
ပေါက်နယ်မြောက်ပိုင်းမှာရှိတဲ့ သပြေညိုရေနံမှော်ထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်ဟာ တောမီးကနေတဆင့် ကူးစက်လောင်ကျွမ်းတာလို့ ဆိုပါတယ်။
သွားရောက်မီးသတ်ပေးခဲ့သူတယောက်က “ဘေးမှာ တောမီးလောင်နေတာ အရင်နေ့ ညကတည်းကဗျ။ အဲဒီကနေ မီးပွားတွေ လေလွင့်လာပြီးတော့ ရေနံတွင်းစက်မောင်းပြီး ထားခဲ့တဲ့ တဲတွေပေါ်ကျပြီး မီးလောင်ကူးစက်ကုန်တာ။ တခြားတွင်းတွေကူးမှာစိုးလို့တော့ တညနေလုံး မီးငြှိမ်းလိုက်ရတယ်။ အခု မီးလောင်တဲ့ဘက်က တွင်းဟောင်းတွေတော့ များတယ်။ ရေနံစိမ်း ကန်ဟောင်းတချို့လည်း မီးထဲပါသွားပေမဲ့ ဆုံးရှုံးမှုကတော့ အများကြီးမရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
ပူပြင်းတဲ့ရာသီကို ရောက်ရှိလာပြီဖြစ်လို့ မြိုင်မြို့နယ်ထဲက ရေနံတွင်းလုပ်သားတွေအပြင် ဒေသခံပြည်သူတွေအနေနဲ့ပါ မီးမပေါ့ဆကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်တွေမှာလည်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမှော်တွေဖြစ်ကြတဲ့ ကျောက်ခွက်ရေနံမှော်နဲ့ သပြေညိုရေနံမှော်တွေကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရေနံလုပ်သား အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ သေဆုံးခဲ့ရသေးသလို ကလေးငယ်တွေ အပါအဝင် အများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။










