DVB Logo
Home
Lead Story
လောပေ သာဝ မအလ
DVB
·
March 14, 2023
လောပေ သာဝ မအလ
Donate to DVB

(က)

“ရေနွေးကြမ်းသွားသောက်ကြမယ်ဟ” ဆိုလို့ အဘစောမူးသာတို့ အဘလုံးတုံးတို့နောက် လိုက်လာတာ ရွာ့တောင်ပိုင်း ရောက်လာပါရောလား။ သူတို့ကွေ့ဝင်လိုက်တဲ့အိမ်ရှေ့မှာ ဘေးတိုက်ထိုင်နေတဲ့ ခြင်္သေ့ရုပ်နဲ့ အလံစိမ်းကို မြင်လိုက်တော့မှ အဘစိမ်းမောင်အိမ်ဆိုတာ ရိပ်မိပါတယ်။ ပြဿနာတော့ ရှာပြီထင့်။

“လာဟေ့ မူးသာတို့ လုံးတုံးတို့ ဖေကြီးတို့ရေ . . . လာကြဟ”

အဘစိမ်းမောင်က အားရဝမ်းသာ ကြိုရှာပါတယ်။ ကွပ်ပျစ်မှာ အရပ်ကလန်ကလား ရှည်ရှည်ကိုင်းကိုင်းတယောက် ထိုင်နှင့်နေတာ မြင်ရပါတယ်။ ရေနွေးကြမ်းဝိုင်းမှာ အမြည်းက ပဲကြမ်းကို ကြက်သွန်နီနဲ့ သုပ်ထားတာ။

“အမြည်းကတော့ သိပ်မကောင်းဘူးကွာ” လို့ အဘစိမ်းမောင်ကပြောတော့ အဘစောမူးသာက ပြန်ပြောပါတယ် ခင်ဗျ။

“ဒီလိုမှန်းသိရင် ငါ ဒီနေ့ရထားတဲ့ဟာလေး ထည့်ယူလာပါတယ်ကွာ”

“ဘာရထားလို့လဲ မူးသာရဲ့”

“ဒီကောင် လုံးတုံး သူ့ရွာကယူလာတဲ့ ‘ဖွတ်သား အစိမ်း’ တွေကွ”

လုပ်ချလိုက်ပြန်ပါပြီ။ အဘစိမ်းမောင်ကော ရှည်မျောမျောပုဂ္ဂိုလ်ပါ ‘တွန့်’ ခနဲ ဖြစ်သွားတာ မြင်လိုက်ရတယ်ခင်ဗျ။ ပြီးတော့ ‘ငါတို့ ဖွတ်သားမစားဘူးကွ’ လို့ ပြိုင်တူလိုလို ထွက်လာပါတယ်။ အဘစောမူးသာတို့ကတော့ အဲသလိုဗျ။ ပြီးတော့ ရှည်ကိုင်းကိုင်းပုဂ္ဂိုလ်ကို မေးဆတ်ပြီး ပြောပါတယ်။

“ဘယ်လိုလဲ ‘လောရှည်’ ပဲတွေရဆို”

“ရတော့ရပါတယ်ကွာ ... ဒါပေမယ်လို့ မျိုးဈေး၊ ထွန်ဈေး၊ ဆေးဈေး၊ သယ်ယူပို့ဆောင်ရေး ဈေးတွေက နှစ်ဆကျော်ကျော် သုံးဆ မတန်တဆ ထိုးတက်နေတယ်ဆိုတော့ကာ မကိုက်ပါဘူးကွာ . . ဟူး”

“အဲဒါ မင်းတို့အဘ ‘လောပေ’ ကြောင့်ပေါ့ ‘လောရှည်’ ရ”

“ဟားဟား ဟားဟား ဟားဟား . . .”

စစ်ပြန်ကြီး အဘလုံးတုံးကလည်း ဝင်ပြောပါလေ၏။ အေးချမ်းသာယာနေတဲ့ ခေတ်ကောင်းအခါကို ‘လောပေ’ က ဖျက်ဆီးခဲ့လို့ အခုဆို ပြည်သူလူထုတရပ်လုံး ဒုက္ခရောက်နေရပြီး အဲသည်အကောင် ‘လောပေကြီး’ ကိုယ်တိုင်လည်း အခုဆို ‘အရူးမီးဝိုင်း’ ဖြစ်နေရပါပြီတဲ့။

“‘လောပေ’ ဆိုတာ ‘လေပေါ’ လွန်းတဲ့ ကြင်စိုး သာဝ မအလကြီးပေါ့ဟ”

“လေသာပေါတာ ခုထက်ထိ ဘာမှကိုဖြစ်မလာတဲ့ သောက်ပေါကောင်ကြီးပါ”

“ဟားဟား ဟားဟား ဟားဟား . . .”

လျှပ်စစ်ရထားလို့ လေပေါလိုက်၊ မြေအောက်ရထားလို့ လေပေါလိုက်၊ လျှပ်စစ်ကားလို့ လေပေါလိုက်နဲ့ ဘာဆိုဘာမှတော့ ဖြစ်မလာတဲ့ အယုတ်တမာ လောပေကြီးပါဆိုပြီး ဟားကြပါသဗျ။ ခက်တော့ခက်သား၊ အဘအစိမ်းတွေဆီသွားပြီး သူတို့အဘ ‘အစိမ်းကောင်ကြီး’ အကြောင်းကို ဟားကြတာဗျာ၊ အားမနာ ပါးမနာ။

အဘစိမ်းမောင်နဲ့ အဘလောရှည်တို့ကလည်း ဖိတ်ထားတဲ့သူငယ်ချင်းတွေကို သည်းခံကြပါသဗျ။ အလိုက်သင့်တော့ ပြန်ပြန်ပြောကြပါတယ်။

“နစကဥက္ကဋ္ဌကြီးက ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်ကြီးအတွက် အချိန်ပေးနေရလို့ပါကွာ၊ အဲဒါပြီးရင် လျှပ်စစ်ရထားတွေ လျှပ်စစ်ကားတွေ လာပါလိမ့်မယ်”

“ဟေ . . . ဒီလိုလား စိမ်းမောင်ရ . .. . ဟ ဟ ဟ”

(ခ)

စကားဝိုင်းမှာ ကြင်စိုး သာဝ မအလခေါ် လေပေါလှသည့် ‘လောပေ’ အကြောင်းသာ ဝဲလည်နေပါ၏။ စိမ်းသရဖူစိမ်း အဘတွေကလည်း စစ်ကောင်စီဥက္ကဋ္ဌ၏ အိပ်မက်များ အကောင်အထည်ပေါ်ကို ပေါ်လာမည်ဖြစ်ကြောင်း ခံစစ်နှင့်ပြော၏။

သည်ဘက်အဘတွေကလည်း အဓမ္မကောင်ကြီး၏ အိပ်မက်များဟာ အိပ်ယာကနိုးတာနဲ့ လုံးဝကို လွင့်စင်ပျောက်ကွယ်သွားမှာ ကျိန်းသေပါပဲဟု တိုက်စစ်နှင့် ပြောကြပါလေ၏ ခင်ဗျာ။

“ဒီလောက် ‘လေပေါ’ တဲ့ကောင်၊ လေပဲရှိတဲ့ကောင်၊ လက်တွေ့ ဘာမှဖြစ်မလာတဲ့ကောင်ကြီးကို မြင်နေရတော့ ငါတို့တပ်ထဲတုန်းက ဗိုလ်ကြီးကို သတိရမိသကွ”

“လုပ်စမ်းပါအုံး လုံးတုံးရ၊ အဲသည် ဗိုလ်ကြီးလည်း မအလလို ‘လောပေကြီး’ ပဲလားဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

အဘနှစ်ယောက် အတိုင်အဖောက်ညီညီ ရယ်နေကြပြီးသကာလ ‘ဗိုလ်ကြီးပုံပြင်’ ကို ခင်းကျင်းပါလေတော့၏ ခင်ဗျာ။

“ဒီလိုကွ မူးသာရ . . . သူက ‘အားသားရင့်’ အခြား အကြပ်တပ်သားအဆင့်ကနေ တိုက်ရည်ခိုက်ရည်နဲ့ တက်လာတဲ့ သိပ်ချစ်စရာကောင်းတဲ့ ဗိုလ်ကြီးကွ”

“သြော် . . . အေး အေး . . . ‘အားသားရင့်’ ဆိုတာ ‘အခြားအဆင့်’ ကနေလာတာပေါ့”

ဖေကြီး စိတ်ဝင်စားစွာ နားထောင်နေသလို ဟိုဘက်အဘတွေလည်း နားရွက်တွေထောင်ကာ နားစွင့် စူးစိုက်နေကြတာ မြင်ရပါလေ၏။ စစ်ပြန်ကြီး အဘလုံးတုံးဆီမှာ ‘တပ်ပုံပြင်’ တွေ အတော်များများ ရှိသေးပုံပါလေ။ သူက ဆက်ပြောပါလေ၏။

“တိုင်းရင်းသားကြီးကွ . . . သိပ်ရိုးသားတယ်။ ဗမာလိုလည်း မနည်းကြီးကို ကြိုးစားပမ်းစား အားထုတ်ပြောရရှာတယ်”

သို့ဖြင့် ‘လေပေါ’ ပုံပြင်ကိုဆက်လေရာ ထိုဗိုလ်ကြီးမှာ သူ့တောင်ပေါ်ဇာတိမြေသို့ ခွင့်ပြန်ကာ လက်ထပ်ခဲ့ပါသတဲ့။ ဇနီးသည်ကိုလည်း တခါတည်း တပ်ကိုခေါ်လာခဲ့ပြီး နေလာလိုက်တာ လေး ငါး ရှစ်လလောက် ကြာတော့ ဇနီးသည်၏ဗိုက်မှာ အတော်ကြီးကို စူထွက်လာပါသတဲ့။

ထိုဗိုလ်ကြီးမှာ ကလေးထွန်းကားတော့မည်ဆိုပြီး အပျော်ကြီးပျော်ရွှင်နေကာ ရဲဘော်တွေကို ကျွေးပါမွေးပါသတဲ့။ ရဲဘော်တွေကလည်း သူတို့ဗိုလ်ကြီးအတွက် ဝမ်းသာကာ ကျန်းမာသန်စွမ်းတဲ့ သားသမီးရတနာလေးများ မွေးဖွားပါစေလို့ တွေ့တာနဲ့ ဆုတွေတောင်းပေးကြပါသတဲ့။

“ပြီးတော့ စစ်ဆေးရုံကိုသွားပြီး မိခင်ကော ကလေးပါ ကျန်းမာရေး ဆေးစစ်ဖို့လည်း တိုက်တွန်းကြတာပေါ့ကွ”

သို့ဖြင့် တရက်မတော့ စစ်ဆေးရုံသို့ရောက်ကာ အစစ်အဆေးခံပါလေရောတဲ့။ စစ်ဆေးရုံက ဆရာဝန်မတွေလည်း သေသေချာချာ စမ်းသပ်စစ်ဆေးကြည့်ပြီးတဲ့အခါ ခေါင်းခါပြကြပါသတဲ့။ ပြီးတဲ့အခါ သည်လို ပြောပါတယ်တဲ့။

“ဗိုလ်ကြီးဇနီးမှာ ကိုယ်ဝန်မရှိပါဘူး”

“ဗျာ . . . ဘယ်လို . . . ဘယ်လို . . . ဒီလောက် ဗိုက်ကြီးပူနေတာကို”

“ဟုတ်ပါတယ် ဗိုလ်ကြီး . . ‘ကလေး’ မဟုတ်ပါဘူးရှင့်”

“‘ကလေး’ မဟုတ်ရင် ဘာဖြစ်လို့ ဗိုက်ကြီးပူနေရတာလဲ ဆရာမရဲ့”

“‘လေတွေ’ ကြောင့် ပူနေတာပါရှင့်”

ဒီလိုအဖြေလည်းကြားရရော အနှီဗိုလ်ကြီးမှာ မျက်နှာတပြင်လုံး နီရဲလာပြီး ငြီးတွား ရေရွတ်နေတော့ပါသတဲ့။

“‘လေထိုးတံကြီးဟ၊ လေထိုးတံကြီးဟ’ ပါတဲ့ ဗျား”

“ဝါး ဟားဟား ဟားဟား ဟားဟား”

“ကြင်စိုး သာဝ မအလ လေပေါကြီးလည်း ဒီလိုပါပဲ ခင်ည”

“အာဟ . . . အာဟ . . . အာဟ”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013