DVB Logo
Home
မြန်မာသတင်း
တနိုင်းတွင် ဝက်နာကျရောဂါကြောင့် ဝက်အများအပြားသေဆုံး၊ မွေးမြူရေးသမားများ အခက်ကြုံ
DVB
·
March 14, 2023
တနိုင်းတွင် ဝက်နာကျရောဂါကြောင့် ဝက်အများအပြားသေဆုံး၊ မွေးမြူရေးသမားများ အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ ဝက်နာကျရောဂါဖြစ်ပွားနေပြီး မွေးမြူရေးဝက်အများအပြား သေဆုံးနေတဲ့အတွက်  မွေးမြူရေးသမားတွေ အခက်အခဲ ဖြစ်ပေါ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်မွေးမြူရေးကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် အဓိကထား လုပ်ကိုင်တဲ့ တနိုင်းမြို့နယ်အတွင်းက မကောကျေးရွာအုပ်စုမှာ ဝက်နာကျရောဂါ ဖြစ်ပွားနေပြီး ဝက်သေဆုံးမှုတွေ များပြားနေတယ်လို့ ဆိုပါတယ်။ 

မကောကျေးရွာမှာ နေထိုင်တဲ့ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တဦးက"တနိုင်းချောင်း အထက်ပိုင်းက  မကောကျေးရွာအပါအဝင် အဲ့နားက ရွာတွေမှာ ဝက်နာကျပြီး ဝက်တွေ သေနေတယ်။ စဖြစ်တာကတော့ တနှစ်လောက်ကိုရှိပြီ။ အရင်က ဝက်နာကျရင် တစ်လလောက်နဲ့ ပြတ်တယ်။ ခုဖြစ်တဲ့ ဝက်နာရောဂါက မပြတ်ဘူး။ ဟိုအိမ်က ဝက်သေလိုက် ဒီအိမ်က ဝက်သေလိုက်နဲ့။ ကျနော်တို့ရွာမှာတင် ဝက်တွေသေတာ အကောင် ၂၀ ကျော်ပြီ။ တခြားရွာတွေမှာလည်း အတော်သေတယ်။ ဝက်မွေးမြူရေး ပြန်လုပ်ဖို့တောင် အတော်အခက်အခဲ ဖြစ်နေတယ်" လို့ ပြောပါတယ်။

ဝက်နာရောဂါကျကာ ဝက်သေဆုံးမှု များပြားလာပြီး ဝက်ပြန်လည်မွေးမြူဖို့အတွက် ဝက်ပေါက်ဈေးနှုန်းမှာလည်း အရင်ကထက် နှစ်ဆခန့် မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

လမုန်ကျေးရွာ ဒေသခံတဦးက"ဝက်တွေကလည်း ဝက်နာကျပြီးသေတယ်။ အတော်များတယ်။ စာရင်းတော့ အတိအကျမရှိဘူး။ ဝက်နာကျလို့သေဆုံးသွားရင် အစားထိုးမွေးမြူဖို့ ဝက်ပေါက်ဈေးနှုန်းကလည်း အရင်ထက် နှစ်ဆမြင့်သွားတယ်။ ခု ဝက်ပေါက်တကောင် တသိန်းကျော်သွားပြီ။  ဝက်မွေးမြူရေးကို အသက်မွေးဝမ်းကြောင်းအဖြစ် ရင်းနှီးလုပ်ကိုင်ရတဲ့အတွက် တသိန်းကျော်နဲ့ဝယ်ပြီး မွေးရင်း သေသွားမှာစိုးလို့ တချို့တွေ ဝက်မမွေးနိုင်တော့ဘူး" လို့ ပြောပါတယ်။

ဝက်နာကျရောဂါဖြစ်ပွားတဲ့ ဝက်တွေဟာ ကိုယ်ပူ ဝမ်းချုပ် မျက်ချေးထွက် အစားမစားဘဲ လှဲလျောင်းနေပြီး ဝက်ပိုင်ရှင်တွေက ကိုယ်တိုင်ဆေးထိုးပေးတာ၊ ဒေသတွင်း ဆေးမြီးတိုနဲ့ ကုသပေးတယ်လို့ သိရပါတယ်။

မကောကျေးရွာဒေသခံတဦးက "ဝက်နာကျပြီဆို ဝက်က ကိုယ်ပူ ဝမ်းချုပ် အစားမစားဖြစ်လာတယ်။ ကျနော်တို့လည်း မြို့က ပေးလိုက်တဲ့ ဆေးနဲ့ ထိုးပေးသလို တောထဲက သစ်မြစ် သစ်ဥတွေလည်းတိုက်ကြတယ်။ တချို့ ဝက်တွေလည်း အဲ့လို ဆေးထိုး ဆေးတိုက်နဲ့ ပျောက်သွားတယ်။ ကျနော်လည်း သူတို့လို လိုက်လုပ်ကြည့်တာ ဝက်လေး အသက်ပျောက်သွားတယ်" လို့  ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ ဝက်နာကျရောဂါဟာ  ရောဂါကာကွယ်ဆေး ထိုးနှံ့ခြင်းမရှိတဲ့အတွက် သေဆုံးတာဖြစ်နိုင်ကြောင်း တနိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။

မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန  ဝန်ထမ်းတဦးက "ဝက်နာကျရောဂါဖြစ်နေတဲ့ တနိုင်းချောင်းအထက်ပိုင်းက ရွာတွေက တရိစ္ဆာန်အတော်များများ ရောဂါကာကွယ်ဆေး မထိုးကျဘူး။ ရောဂါဖြစ်လာရင်လည်း တတ်သမျှ မှတ်သမျှ ဆေးမြီးတိုနဲ့ ကုကျတယ်။ ကောင်းသွားတာလည်း ရှိသလို သေသွားတာလည်းရှိတယ်။ သေသွားတဲ့ တိရစ္ဆာန် တွေကိုလည်း  မြေမြှုပ်တာ မီးရှို့တာ မလုပ်ဘဲ ပေါ်စားကျတယ်။ အဲ့ဒီလို လုပ်တဲ့အတွက် သေဆုံးမှုပိုများပြားလာတာလို့ ယူဆရတယ်" လို့ ပြောပါတယ်။

တနိုင်းချောင်း အထက်ပိုင်း မကောကျေးရွာအုပ်စုနဲ့  အနီးနားက ကျးရွာတွေမှာ ၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၃ ခုနှစ် မတ်လအထိ ဝက်နာကျရောဂါ ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013