
အင်ဒိုနီးရှားနိုင်ငံမှာ မေ ၈ ရက် မနက်က ဒူကိုနိုမီးတောင် ပေါက်ကွဲပြီးနောက် ပျောက်ဆုံးနေတဲ့ တောင်တက်သမား အယောက် ၂၀ လောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေ နေပါတယ်။
ပေါက်ကွဲခဲ့အပြီးမှာ အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ပိတ်မိနေတဲ့ တောင်တက်သမား ၂၀ ယောက် ကို အမြန်ကယ်ဆယ်နိုင်ဖို့ အပြေးအလွှား ကြိုးစားနေကြပါတယ်။
လောလောဆယ် စင်ကာပူနိုင်ငံသား တောင်တက်သမား ၂ ယောက်နဲ့ တာနာတေ ဒေသခံတယောက် စုစုပေါင်း ၃ သေဆုံးသွားခဲ့ကြောင်း အတည်ပြုထားပါတယ်။
ဒီဖြစ်ရပ်အတွင်း ပျောက်ဆုံးနေသူ အများစုဟာ ကမ္ဘာလှည့်ခရီးသည်တွေဖြစ်ကြပြီး အဲဒီထဲက အနည်းဆုံး ၉ ယောက်ကို စင်ကာပူနိုင်ငံသားတွေအဖြစ် ဖော်ပြထားပါတယ်။
အင်ဒိုနီးရှား အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီကတော့ ဒဏ်ရာရသူ အရေအတွက်ကို ၅ ယောက် ရှိတယ်ဆိုပြီး သီးခြားထုတ်ပြန်ထားပါတယ်။
ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၁ မိနစ်မှာ ပေါက်ကွဲထွက်ခဲ့တာ ဖြစ်ပေမဲ့လည်း မြောက်ပိုင်း မာလူကူပြည်နယ်က မီးတောင်ကြီးကို ဆက်လက် စောင့်ကြည့်နေကြပါတယ်။
၁၀ ကီလိုမီတာအထက် လေထုထဲ မီးခိုးပြာတွေ လွင့်တက်သွားတဲ့အလျောက် အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။
အဲဒီမီးတောင်လှုပ်ရှားမှု ပိုမိုမြင့်တက်လာတာ တွေ့ရှိခဲ့ရပြီးနောက် လွန်ခဲ့တဲ့ ဧပြီ ၁၇ ရက် ကတည်းက ခရီးသွားဧည့်သည်တွေရဲ့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဧပြီ ၆ ရက်က အဲဒီအနီးနားမှာ အဖွဲ့တဖွဲ့ ခြေလျင်သွားနေစဉ် မီးတောင် ပေါက်ကွဲခဲ့ပေမဲ့ လည်း သေဆုံးထိခိုက်ခဲ့တာမျိုးတော့ မရှိပါဘူး။
ဒူကိုနို မီးတောင်ဟာ အဓိကကျတဲ့ ခရီးသွားလမ်းကြောင်းတွေနဲ့ အလှမ်းဝေးပေမဲ့လည်း ကမ္ဘာလှည့် ခရီးသွားတွေနဲ့ တောင်တက်သမားတွေကြား လူသိများ ရေပန်းစားပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ အဆင့်လေးဆင့်ရှိတဲ့ သတိပေးစနစ်ထဲမှာ ဒူကိုနိုဟာ တတိယအမြင့်ဆုံး ဖြစ်ပါတယ်။
ဒါဟာ ဟယ်လ်မဟီရာကျွန်းပေါ်မှာရှိတဲ့ မီးတောင် ၃ ခုထဲက တခုဖြစ်သလို သက်ဝင်လှုပ်ရှားမှု အများဆုံး မီးတောင်တခု ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
၁၉၃၃ ခုနှစ်ကစပြီး ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေနဲ့ မီးခိုးပြာတွေ ထွက်လာတာကို မကြာခဏ မြင်တွေ့ရတဲ့အပြင် ဆက်တိုက်ဆိုသလိုပါ ပေါက်ထွက်နေခဲ့တာ ဖြစ်ပါတယ်။
မျက်မြင်သက်သေ ဗီဒီယိုထဲမှာ မီးတောင်ကနေ မီးခိုးလုံးကြီးတွေ ထိုးတက်လာနေတာကို မြင်တွေ့ရပြီး လူတွေဟာ အဲဒီအခြေအနေကို အဝေးကနေ စောင့်ကြည့်နေကြပါတယ်။
အာဏာပိုင်တွေကတော့ မီးတောင်ဝရဲ့ ၄ ကီလိုမီတာ ( ၂ မိုင်ခွဲ) ပတ်လည်အတွင်း ဘယ်လို လှုပ်ရှားမှုမျိုးမှ မလုပ်ဆောင်ကြဖို့ သတိပေးထားပါတယ်။ မီးတောင်လေ့လာရေးအေဂျင်စီကလည်း မိုးရွာရင် မီးတောင်ချော်ရည်စီးဆင်းမှု ဘေးအန္တရာယ် ရှိနိုင်ကြောင်း သတိပေးထားပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းလိုင်းတွေ ထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းတွေတော့ အခုထိ မကြားရသေးပါဘူး။
Source: Reuters










