မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ မတ် ၁၄ ရက် မနက်ပိုင်းက သစ်စက်တခု မီးလောင်ခဲ့ပြီး Level 1 အဆင့်ကနေ Level 2 အဆင့်ထိ တိုးမြှင့်ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ပါတယ်။
ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၂လမ်းနဲ့ ၆၈ လမ်းကြား ၊၁၂၅(မင်္ဂလာကန်လမ်း)က A5 သစ် အချောထည်စက်ရုံမှာ မတ် ၁၄ ရက် ၁၂ နာရီ ၄ မိနစ်ခန့်မှစတင်ပြီး မီးလောင်ခဲ့တဲ့အတွက် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မီသတ်တပ်ဖွဲ့ဝင် တဦးက "မနေ့ညက လောင်တာ။ မန္တလေးမီးသတ်ဗဟိုက သွားငြှိမ်းခဲ့ပါတယ်။ ပထမတော့ Level 1 အဆင့်ပါပဲ ပြီးတော့ ၁၂ နာရီ ၂၂ မှာ Level 2 အဆင့် စထွက်ခဲ့ရတယ်။ ၁၂ နာရီ ၃၃ မှာ မီးထိန်းနိုင်ခဲ့ပြီး၁ နာရီ ၅၅ မှာ မီးငြိမ်းသွားပါတယ်။ ပျက်စီးဆုံးရှုံးမှုကို သက်ဆိုင်ရာ ဌာနက စစ်ဆေးနေတယ် ကျနော်တို့တော့မသိရသေးပါဘူး"လို့ ဆိုပါတယ်။
မီးလောင်မှုမှာ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိဘဲ ဘယ်က စလောင်တယ်ဆိုတာကို စစ်ဆေးနေပြီး ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတယ်လို့သိရပါတယ်။
ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာ မီးလောင်မှုနဲ့ပတ်သက်ပြီး လျှပ်စစ်ရှောခ့်ကြောင့် လောင်ကျွမ်းမှု ၁၀၅ ကြိမ်၊ မီးပေါ့ဆမှုကြောင့် လောင်ကျွမ်းမှု ၁၀၃ ကြိမ်၊ မီးကျွမ်းမီးကျန်မှတဆင့်လောင်ကျွမ်းမှု ၆၄ အထိရှိခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ Level 3 အဆင့် လောင်ကျွမ်းမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့