DVB Logo
Home
မြန်မာသတင်း
ဆန်ချော၊ ဆန်ကြမ်းဈေး တစ်အိတ်ကို ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ မြင့်တက်လာ
DVB
·
March 13, 2023
ဆန်ချော၊ ဆန်ကြမ်းဈေး တစ်အိတ်ကို ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ မြင့်တက်လာ
Donate to DVB

အခုနှစ်မှာ မကြုံစဖူး ထူးကဲမြင့်တက်နေတဲ့ မြန်မာပြည်တွင်း ဆန်စျေးနှုန်းတွေက ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ စျေးအနည်းငယ် ကျရိပ်ပြခဲ့ပြီး အခုအခါ ပြန်လည်မြင့်တက်လာနေတယ်လို့ ဆန်ကုန်သည်တွေထံက သိရပါတယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်စျေးနှုန်းအရ လက်ရှိမှာ ရက်(၉၀)ဆန်တစ်အိတ်ကို   အမြင့်ဆုံးစျေး ကျပ် ၆၃၀၀၀ ထိရှိနေပြီး မတ်လ ၁၀ ရက်နေ့ စျေးကွက်ပေါက်စျေးနဲ့ နှိုင်းယှဉ်ရင်   ၃၀၀၀ ကျပ် စျေးမြင့်တက်လာပါတယ်။

နယ်စုံပေါ်ဆန်း ဆန်စျေးနှုန်းတွေကလည်း တစ်အိတ်ကို အနိမ့်ဆုံးစျေး ကျပ် ၆၄၀၀၀ ကနေ အမြင့်ဆုံးစျေး ၈၇၀၀၀ ကျပ်အထိ ရှိနေပြီး တစ်အိတ်ကို ကျပ် ၂၀၀၀ ခန့်အထိ ရက်ပိုင်းအတွင်း မြင့်တက်လာပါတယ်။

“ဆန်ကြမ်းရော၊ အချောရော တစ်အိတ်ကို ၁၀၀၀ ဝန်းကျင်လောက် တက်ပါတယ်။ ဆန်အဝယ်ကတော့ နည်းသွားတယ်။ အရင်က ဆန်အိတ်လိုက်ဝယ်တဲ့သူတွေက စျေးတက်နေတော့ ပြည်ချိန်နဲ့ပဲ ဝယ်တော့တယ်” လို့  ရန်ကုန်မြို့က ဆန်လက်လီရောင်းချသူ တစ်ဦးက ပြောပါတယ်။

မြန်မာပြည်တွင်း ဆန်စျေးနှုန်းတွေဟာ လျှပ်စစ်မီးမမှန်တာ၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး သယ်ယူပို့ဆောင်စရိတ်နဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာ၊ စပါးအထွက်နှုန်းအပေါ်မှာ စိုးရိမ်ပြီး ဝယ်ယူသိုလှောင်မှုတွေ ရှိနေတာ စတဲ့အချက်တွေကြောင့် အခုနှစ်မှာ စံချိန်တင် မြင့်တက်နေပါတယ်။

လက်ရှိမှာ ပို့ကုန်ရငွေ သတ်မှတ်ချက်ကြောင့် မူဆယ်နယ်စပ် ဆန်အရောင်းအဝယ်စျေးကွက် ရပ်တန်လုနီးပါး ဖြစ်နေပေမဲ့လည်း   ဧည့်မထဆန် အပါအဝင်  တခြားဆန် အမျိုးအစားတွေလည်း  ပြည်တွင်းစျေးကွက်မှာ မြင့်တက် လာတာပါ။

ရန်ကုန်မြို့ခံတစ်ဦးက “ ကျမတို့တော့ ဆန်စျေး ကျတယ်လို့ကို မကြားဘူး။ ပွဲရုံ တွေမှာပဲ ကျတာ လက်လီစျေးကျ ဆိုင်တွေကချမရောင်းကြပါဘူး။ တက်တယ်ဆိုရင်တာ တင်ရောင်းကြတာ” လို့ ပြောပါတယ်။

ဆန်စျေးနှုန်းတွေ စံချိန်တင်မြင့်တက်နေမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးပြီး မိသားစုဝင်ငွေလျော့နည်းလာမှုနဲ့ ရင်ဆိုင်နေရတဲ့  အခြေခံပြည်သူတွေအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။

ပြည်တွင်းဆန်စျေးနှုန်းတည်ငြိမ်အောင်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုင်းဒေသကြီးနဲ့ ၊ပြည်နယ်ဒေသကော်မတီတွေ ကုန်စည်ဒိုင်တွေ၊ Exporter ကုမ္ပဏီတွေနဲ့ ဆွေးနွေးညိုနှိုင်းခဲ့ပြီး စစ်ကောင်စီဘက်ကလည်း  နယ်စပ်ဆန်တင်ပို့မှုကရတဲ့ ပို့ကုန်ရငွေဆိုင်ရာ မူဝါဒကို အပြောင်းအလဲလုပ်ဆောင်ခဲ့ပေမဲ့ ဆန်စျေးနှုန်းက  ပြန်လည်မြင့်တက်လာတာပါ။

မတ်လ ၁ ရက်ကစပြီး နယ်စပ်ကနေ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက ရရှိတဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ လဲလှယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် နစ်နာမှုရှိလာတဲ့အတွက် ဆန်ကုန်သည်တွေက စာချုပ်ချုပ်ဆိုထားပြီး အရောင်းအဝယ်အချို့က လွဲလို့ ဆန်၊ဆန်ကွဲတင်ပို့မှုတွေကို ယာယီရပ်ဆိုင်းထားကြတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013