DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက်အတွက် ပင်လယ်ကမ်းခြေများတွင် ဟိုတယ်ခများ ဈေးတက်၊ အခန်းကြိုယူထားသူများဖြင့် ပြည့်နေ
DVB
·
March 13, 2023
သင်္ကြန်ပိတ်ရက်အတွက် ပင်လယ်ကမ်းခြေများတွင် ဟိုတယ်ခများ ဈေးတက်၊ အခန်းကြိုယူထားသူများဖြင့် ပြည့်နေ
1 / 3
Donate to DVB

မကြာခင် ကျရောက်မယ့် သင်္ကြန်ကာလ ပိတ်ရက်အတွက် ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားအရေအတွက် တိုးလာမယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေခန့်မှန်းထားပြီး သင်္ကြန် ရုံးပိတ်ရက်အတွင်း ကမ်းခြေဒေသတွေမှာ ဟိုတယ်အခန်းခတွေ စျေးမြင့်နေပေမယ့် ကြိုတင် ဘိုကင်တင်ထားသူတွေ ပြည့်နေတယ်လို့လည်း ပြောပါတယ်။ 

အထူးသဖြင့် ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ ရွှေသောင်ယံစတဲ့ ကမ်းခြေတွေနဲ့ ဂေါ်ရန်ဂျီကျွန်းတို့ကို အသွားများကြတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

“သင်္ကြန်ရက်တွေ အကုန်လုံး ပြည့်တာ။ လုံးဝ မရတော့ဘူး။ သင်္ကြန်ရောက်ဖို့ တလလောက် လိုသေးတယ်။ အခုတောင် မရတော့တာ။ နီးရင် ပိုဆိုးမယ်။ အခုက သင်္ကြန်ကာလဆို အစောကြီး ဝယ်ထားကြတာ များတယ်။ အဲဒါကြောင့် ဟိုတယ်တွေက အစောကြီး ကုန်တယ်။ ရမယ်ဆိုရင် ကံကောင်းထောက်မစွာနဲ့ ကြိုကြားကြိုကြား တခန်း နှစ်ခန်းလောက်ပဲ ရမယ်။”

သင်္ကြန်ကာလရောက်တိုင်း  ကမ်းခြေဒေသတွေကို လူအသွားများတာကြောင့်  ဟိုတယ်အခန်းခတွေ စျေးနှုန်းမြင့်တက်လေ့ရှိပြီး အခုလည်း ဈေးနှုူန်းတွေ နှစ်ဆလောက် မြင့်တက်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေထံက သိရပါတယ်။ 

“စျေးတွေကတော့ သင်္ကြန်ဆိုရင် ကမ်းခြေရာသီမို့လို့ တဆခွဲလောက် မြင့်တယ်။ ပုံမှန် အရင်တုန်းက ၁ သိန်းရောင်းရင် ဒီကာလမှာ ၂ သိန်း၊ ၂ သိန်းခွဲတွေ ရှိတယ်။ စျေးတွေက မြင့်တယ်။ ဒါပေမဲ့လည်း ဧည့်သည်တွေက လူပြည့်နေတာပါပဲ။ အနိမ့်ဆုံး ပုံမှန် ရိုးရိုးကာလဆို Garden View က ချောင်းသာ၊ ငွေဆောင်မှာ ၇ သောင်း၊ ၈ သောင်းဆို ရတယ်။ အခုဆို စျေးနှုန်းက ၁ သိန်းခွဲ၊ ၂ သိန်း ဖြစ်သွားတယ်။ ငပလီက တကယ့်ကောင်းတဲ့ ဟိုတယ်တွေဆို တညကို ၄၊ ၅၊ ၆ သိန်းတန် ဟိုတယ်တွေလည်း ရှိတယ်”လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်း ခရီးသွားတွေအနေနဲ့ ကမ်းခြေဒေသတွေကို သွားရောက်မှု ရှိသလို အပန်းဖြေစခန်း ရှိတဲ့ တောင်ပေါ်ဒေသတွေကိုလည်း သွားရောက်ကြပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်တွင်းမှာ ပဋိပက္ခဖြစ်ပွားမှုနည်းတဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ အင်းလေးဒေသတွေနဲ့ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်ဘက်တွေကို အသွားများကြတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

၂၀၂၂ ခရီးသွားရာသီနဲ့ ၂၀၂၃ နှစ်ဦးပိုင်းတို့မှာ ပြည်တွင်းခရီးသွား အရေအတွက် အနည်းငယ် တက်လာပေမယ့် ကိုဗစ်နဲ့ အာဏာသိမ်းမှု မတိုင်ခင်ကာလ ခရီးသွားလုပ်ငန်း အခြေအနေကိုတော့ မမီသေးဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “မနှစ်ကစပြီး တရိပ်ရိပ် တက်လာတဲ့ ခရီးသွားက အတော်လေးတက်လာတာ တွေ့ရတယ်။ သင်္ကြန်ကာလအတွင်း ခရီးသွားက သိန်းဂဏန်း သွားကြမယ်လို့ ယူဆတယ်။ ကိုဗစ် မတိုင်ခင်က ခရီးသွား ၁ သန်းလောက် သွားခဲ့ပေမယ့် ဒီဂဏန်းကို မမီတောင် ပြည်တွင်းမှာ ၄၊ ၅ သိန်းလောက် သွားဖို့ ပြင်ဆင်နေကြတယ်။ မနှစ်က အဲဒီကိန်းဂဏန်း မရောက်ခဲ့ဘူး။ အရင်ထက်စာရင် ကိုဗစ်တုန်းကလောက် ပြန်ရောက်ဖို့မလွယ်ဘူး။ အရင်တုန်းက ထက် ၅ ပုံ ပုံ ၁ ပုံလောက်ပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။

ကိုဗစ်ကာလ မတိုင်ခင် မြန်မာနိုင်ငံမှာ ပြည်တွင်းခရီးသွား အရေအတွက် တနှစ်ကို ၇ သန်းဝန်းကျင် ရှိခဲ့ပြီး၊ မကောက်ခံထားတဲ့ စာရင်းတွေအရ တနှစ်တာအတွင်း ပြည်တွင်းခရီးသွား အရေအတွက် ၁၀ သန်းလောက်ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်လာဖို့ဆိုရင် နယ်မြေဒေသ တည်ငြိမ်ဖို့ အဓိက ဖြစ်ပြီး၊ ၂၀၂၃ နှစ်ဦးပိုင်း ခရီးသွားရာသီကိုတော့ သင်္ကြန်ကာလမှာ တည်တည်ငြိမ်ငြိမ် ပြီးဆုံးသွားဖို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013