DVB Logo
Home
မြန်မာသတင်း
ရခိုင်အခြေစိုက်မီဒီယာများကို စစ်ကောင်စီက ပစ်မှတ်ထားအရေးယူနေဟု ရခိုင်သတင်းသမားများ ပြော
DVB
·
March 13, 2023
ရခိုင်အခြေစိုက်မီဒီယာများကို စစ်ကောင်စီက ပစ်မှတ်ထားအရေးယူနေဟု ရခိုင်သတင်းသမားများ ပြော
Donate to DVB

ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်မီဒီယာတွေအားလုံးကို  စစ်အာဏာသိမ်းစစ်ကောင်စီက ပစ်မှတ်ထား အရေးယူမှုတွေ၊  အမှုဖွင့်တရားစွဲတာတွေ ဆက်တိုက်လုပ်ဆောင်လာနေတာကြောင့် သတင်းမီဒီယာတိုက်တချို့ ပိတ်သိမ်းလိုက်ရကာ သတင်းသမားတွေပါ တိမ်းရှောင်နေကြရပါတယ်။

အခုရက်ပိုင်းမှာ ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနနဲ့  Border News Agency (BNA) သတင်းဌာနတို့ကို မမှန်သတင်းဖော်ပြလို့ဆိုပြီး အရေးယူမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီက ခြိမ်းခြောက်ထားသလို နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ တပ်တိုး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ 

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က “ရခိုင်မှာက စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိခဲ့တယ်။ ရခိုင်လူထုတွေကို တမင်ရည်ရွယ်ပြီးတော့ ကုန်းလမ်းရေလမ်း အဆက်အသွယ်တွေ ဖြတ်တောက်ထားတာတွေရှိခဲ့တယ်။ အဲ့ဒါတွေကို ကျနော်တို့က သတင်းရေးသားဖော်ပြခဲ့တယ်။ စစ်ကောင်စီတပ်သားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ သူတို့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ကျနော်တို့ မီဒီယာသမား တော်တော်များများ ဖော်ထုတ်ရေးသားခဲ့ကြတဲ့အပေါ်မှာ သူတို့က မနှစ်သက်ကြဘူး။ မလိုလားဘူး။ မကျေနပ်ဘူးပေါ့။ အဲ့ဒါကြောင့် ရခိုင်မှာရှိတဲ့မီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်တယ်၊ အကျပ်ကိုင်တယ်၊ ရခိုင်မီဒီယာတွေ လှုပ်ရှားလို့မရအောင် ဒီလိုရည်ရွယ်ချက်တွေနဲ့ နိမ်နင်းဖို့ ကြိုးစားနေတာပေါ့။ ဒါကြောင့် ဒီလိုတရားစွဲဆိုမှုတွေ ဖြစ်လာတာလို့မြင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ်က သတင်းဖော်ပြမှုတစ်ခုကြောင့် အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို စစ်တပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ- ၅ဝ၅(က)တို့နဲ့ အမှုဖွင့်တရားစွဲဆို ခံထားရတာပါ။

ရခိုင်အခြေစိုက် BNA သတင်းဌာန အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က "ရခိုင်မီဒီယာတွေကို ပစ်မှတ်ထားတာကတော့ စစ်ကောင်စီလက်ထက်တစ်ခုတည်းမဟုတ်ဘူး။ ခေတ်အဆက်ဆက် အစိုးရလက်ထက်ထက်တွေမှာလည်းရှိခဲ့တယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကတခြားသတင်းထောက်တွေ ဒုက္ခရောက်သလို ရခိုင်ကသတင်းသမားတွေလည်း တရားစွဲခံရတာတွေ။ ခြိမ်းခြောက်ခံရတာတွေ။ ရုံးတွေပိတ်ရတာတွေ။ တိမ်းရှောင်နေရတာတွေ ရှိတယ်။ ရခိုင်မှာ အပစ်ရပ်ထားတယ်ဆိုပဲ့ စစ်တပ်က အရင်ကထက်ပိုပြီး မီဒီယာတွေကို ပစ်မှတ်ထားလာတယ်။ ရခိုင်မှာရှိတဲ့ သတင်းသမားအကုန်လုံးကို သူတို့က အချိန်တိုင်း စောင့်ကြည်နေတယ်။ ပြီးတော့မှ ဘယ်လိုခြိမ်းခြောက်မှုတွေလုပ်လို့ရမလဲ။ ဘယ်လိုအရေးယူမှုတွေ လုပ်လို့ရမလဲဆိုတာကို သူတို့ကအချိန်တိုင်း ရှာဖွေကြတယ်"လို့ ပြောပါတယ်။

Border News Agency(BNA) သတင်းဌာနက “ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိကြောင်း” သတင်းထုတ်ခဲ့တဲ့အပေါ် မဟုတ်မမှန် ချဲ့ကားရေးသားမှုဖြစ်လို့ ဒေသခံပြည်သူများမှာ ခရီးသွားလာဖို့ စိုးရိမ်မှုတွေဖြစ်ပေါ်စေတယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ရခိုင်အခြေစိုက် Western News သတင်းဌာနအယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနဲ့ တခြားသတင်းထောက်တစ်ဦးတို့ကိုလည်း သတင်းရေးသားဖော်ပြမှုကြောင့် ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၄(က)နဲ့  စစ်ကောင်စီက တရားစွဲခဲ့ပါသေးတယ်။

အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက “ ရခိုင်မီဒီယာတစ်ခုတည်းလို့ မဟုတ်ဘူးဗျ။ စစ်တပ်က သူတို့ရဲ့အကျိုးစီးပွါးကို ထိခိုက်လာမယ်ဆိုရင် ဘယ်သူ့ကိုမဆို ဖမ်းဆီးမယ်။ သတ်ဖြတ်မယ်။ အရေးယူမယ်ဆိုတဲ့ ခေါင်းစဥ်နဲ့သွားနေတာ။ အဓိက ကတော့ ရခိုင်မှာ ဘာလုပ်နေတယ်။ ဘာဖြစ်နေတယ်ဆိုတာကို ရခိုင်မီဒီယာတွေက ဖော်ပြရေးသားကြတယ်။ သူတို့က ပြစ်မူကျူးလွန်နေသူတွေကို အရေးမယူဘူး။ သူတို့သိထားတာက  မီဒီယာမှာဖော်ပြတယ်။ မီဒီယာတွေကို အရေးယူတယ်။ ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ဒါစစ်တပ်က ငါအာဏာရှင်ပါလို့ ထပ်ကာထပ်ကာပြောနေတယ်လို့ မှတ်ချက်ပေးလို့ရတယ်။ ရခိုင်မီဒီယာတစ်ခုတည်း မဟုတ်ဘူး ။ပြည်တွင်း ပြည်ပမီဒီယာတွေကိုလည်း တောက်လျှောက် တရားစွဲတာတွေ။ ဖမ်းဆီးတာတွေ။ သတ်ဖြတ်တာတွေ။ ဌာနတွေကိုပိတ်သိမ်းတာတွေ တောက်လျှောက်လုပ်လာနေတာ။ ဒါက တပ်ရဲ့အကျိုးစီးပွါးကို ကာကွယ်ဖို့လုပ်တာ။ မီဒီယာကတော မီဒီယာကျင့်ဝတ်နဲ့ အညီဖော်ပြ ရေးသားနေတာသာဖြစ်တယ်"လို့ ထောက်ပြပြေဆိုထားပါတယ်။

ရခိုင်အခြေစိုက် DEVELOPMENT MEDIA GROUP(DMG) သတင်းဌာန အယ်ဒီတာချုပ် အပါအဝင် သတင်းထောက်နဲ့ တာဝန်ရှိသူတချို့ဟာလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၂)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)တို့နဲ့ တရားစွဲဆိုခံ ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013