DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့ ၌ ရဲတပ်ဖွဲ့က ဒေသခံပြည်သူကို ဖမ်းဆီးငွေညှစ် အနိုင်ကျင့်ဗိုလ်ကျနေ
DVB
·
March 13, 2023
ဘိုကလေးမြို့ ၌ ရဲတပ်ဖွဲ့က ဒေသခံပြည်သူကို ဖမ်းဆီးငွေညှစ် အနိုင်ကျင့်ဗိုလ်ကျနေ
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ  စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဒေသခံပြည်သူတွေကို ဖမ်းဆီးသွားပြီး ကျပ်သိန်းဆယ်ဂဏန်းတောင်း ခြိမ်းခြောက် ငွေညှစ် အနိုင်ကျင့်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဘိုကလေးမြို့ခံတဦးက “အဓိက လုပ်တာက မကြာခင်ကမှ ပြောင်းလာတဲ့ စခန်းမှူးညွန့်လှိုင်ပါ။ သူရောက်လာခါစတုန်းကလည်း  ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ သူတွေရဲ့ နေအိမ်တွေကို  ညဘက် ဧည့်စာရင်းစစ်မယ်ဆိုပြီး  အမျိုးသမီးတွေ အိပ်နေတဲ့ ခြင်ထောင်ကို လှန်ရှာပြီး ဖုန်းကို မသင်္ကာလို့ဆိုပြီး မိသားစု၀င်တွေကို ဖမ်းဆီးခေါ် ဆောင်သွားတယ်၊ ရဲစခန်းမှာ တတပတ်၊ နှစ်ပတ်ခေါ်ထားပြီး သိန်း ၄၀ ကနေ  ၅၀ ထိ တောင်းပြီး ပြန်လွှတ်ပေးတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့  ၂ လကျော်လောက်ကလည်း  မရမ်းကွဲကျေးရွာမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သေနတ်ပစ်ခတ်သူကို မဖမ်းနိုင်ဘဲ ကျေးရွာသား  ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် တစ်ဦးကို ကျပ်ငွေ ၁၀ သိန်း ကနေ ၁၅ သိန်းထိ တောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း အမှတ် (၅)ရပ်ကွက်၊ ဘုရားကြီးလမ်းထဲက အိမ်တအိမ်ကို မသင်္ကာလို့ ဝင်ရှာပြီး ချဲဘောင်ချာတွေ့တယ်ဆိုကာ ငွေကျပ် သိန်း ၆၀ ကျော် တောင်းယူသွားခဲ့သလို လက်ရှိ မြို့ပေါ်မှာ ဆိုင်ကယ်တွေကိုလည်း ဖမ်းဆီးငွေညှစ်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။  

“အခု  မြို့ပေါ်မှာလည်း တနေ့ကို ဆိုင်ကယ်အစီးရေ ၅၀ ပြည့်အောင် ဖမ်းခိုင်းနေပြန်ပြီ၊ ရဲတစ် ယောက်စီကို ဆိုင်ကယ် ၁၀ စီးဖမ်းပေးရမယ်လို့ အမိန့်ပေးထားတယ်။ အဲ့ဒီတော့ ရဲတွေကလည်း တနေ့ ၁၀ စီးပြည့်အောင်ဖမ်းပေါ့။ ဖမ်းပြီး တစီးကို  ကျပ်ငွေ ၈၀၀၀၀ တောင်းတယ်။ မပေးနိုင်ရင် တရားရုံးတင်ပြီး  တရားရုံကြ ရဲကြေး ၁၀၀၀၀၊ တရားရုံးကြေး ၁၀၀၀၀၊ နိုင်ငံ‌တော်ဒဏ်ငွေ ၁၀၀၀၀ ဆိုပြီး ငွေကျပ် ၃၀၀၀၀ ဒဏ်ရိုက်ပါတယ်။”

ဒါအပြင် မြို့ပေါ်က လောင်းကစားချဲဒိုင်တွေကိုလည်း  စခန်းမှူးက လိုင်းကြေး တစ်လ ၁၁ သိန်း လာဘ်ယူပြီး တရားဝင် ရောင်းချခွင့်ပြုထားတယ်လို့မြို့ခံတွေထံသိရပြီး ဒါနဲ့ ပတ်သက်လို့ ရဲစခန်းဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

ဘိုကလေးမြို့ကို စစ်ကောင်စီက  ပုဒ်မ(၁၄၄)ထုတ်ပြန်ထားပြီး ည ၁၂ နာရီ ကနေ မနက် ၄ နာရီ အတွင်းအပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့  ရဲကြေးပေးရင်တော့ ထွက်ခွင့်ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013