DVB Logo
Home
Lead Story
ငွေကြေးထောက်ပံ့မှု ရရှိဖို့ လိုအပ်နေတဲ့ NUG
DVB
·
March 13, 2023
ငွေကြေးထောက်ပံ့မှု ရရှိဖို့ လိုအပ်နေတဲ့ NUG
Donate to DVB

အာဏာတည်ဆောက်ရေးနဲ့ အာဏာတည်မြဲရေးအတွက် ငွေရှိဖို့ လိုတယ်ဆိုတာဟာလည်း ငြင်းမရတဲ့ အမှန်တရားဖြစ်တာကြောင့် “ငွေနောက်ကိုလိုက်ပါ”  ဆိုတဲ့စကားဟာ နိုင်ငံရေးမှာ ကျယ်ပြန့်တဲ့ အဓိပ္ပာယ်သက်ရောက်မှုတွေ ရှိနေပါတယ်။ မြန်မာ့နိုင်ငံရဲ့ အဖြစ်အပျက်တွေကို အပေါ်ယံရှပ်ကြည့်မယ်ဆိုရင် အခြေအနေတော်တော်များများမှာ ငွေကြေး ဘယ်ကရမလဲဆိုတဲ့ မေးခွန်းက ပါဝင်နေပါတယ်။

အနောက်နိုင်ငံတွေရဲ့ မြန်မာစစ်တပ်အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကရော သူတို့ရဲ့ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကို တကယ်ပဲ တားဆီးနိုင်မလား၊ အတိုက်အခံတပ်ဖွဲ့တွေကရော မြန်မာစစ်အာဏာရှင်စနစ် ပျက်သုဉ်းစေဖို့ သေကွင်းသေကွက်ဖြစ်တဲ့ သူတို့ရဲ့ စီးပွားရေးတွေ ရပ်တန့်သွားအောင် ဆောင်ရွက်နိုင်မလား၊ မြန်မာနိုင်ငံမှာ အဓိကရင်းနှီးမြှုပ်နှံသူတွေဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်နေသလို အာဆီယံဝန်ကြီးတွေက ငြိမ်းချမ်းရေး ဆွေးနွေးတယ်လို့ ထင်မြင်ယူဆရတဲ့ အစည်းအဝေးတွေမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ ကိုယ်စားလှယ်တွေကို ကုန်သွယ်ရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ ဖိအားပေးနေတဲ့ အချိန်မျိုးမှာ အာဆီယံကရော မြန်မာ့အရေးအတွက် အမှန်တကယ်ကြားနေ ညှိနှိုင်းသူဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း ဘဏ္ဍာရေးအကျပ်အတည်းမှာ ကြက်ဥနဲ့ ကြက်မ ပဟေဠိလို့ အစရှာမရတဲ့ ပြဿနာတွေရှိနေတာကို တွေ့ရပါတယ်။ အနောက်ဒီမိုကရေစီနိုင်ငံတွေက NUG ကို အခုထက်ပိုပြီး အသိအမှတ်ပြု ထောက်ပံ့ကူညီဖို့ သတိထားစောင့်ကြည့်နေတဲ့ အချက်တွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေကို NUG က ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးတာဟာလည်း အဓိက တစ်ချက်ဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ NUG ကို အသိအမှတ်ပြုဖို့နဲ့ ငွေကြေးကူညီထောက်ပံ့ဖို့ အနောက်နိုင်ငံတွေက ငြင်းပယ်နေကြတာဟာလည်း မြန်မာနိုင်ငံမှာ တော်လှန်ရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် အားကောင်းကောင်းနဲ့ ဖြစ်ပေါ်လာရေးအတွက် အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ လက်တွေ့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သစ္စာစောင့်သိမှုအတွက် ဘဏ္ဍာရေးထောက်ပံ့မှုပေးမယ့် ပင်မအဖွဲ့အစည်းတစ်ခု ရှိမနေခြင်းကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်ရန်ပုံငွေ ကိုယ်ရှာနေရတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ စည်းလုံညီညွတ်မှုရရှိဖို့ ခက်ခဲစေပြီး ဦးတည်ချက်တစ်ခုတည်းကို စည်းကမ်းထိန်းချုပ်မှုနဲ့ သွားနိုင်ဖို့ ခက်ခဲစေပါတယ်။ အနောက်နိုင်ငံတွေရဲ့ ငွေကြေးထောက်ပံ့မှုမရရှိဘဲ အနောက်နိုင်ငံတွေက သဘောတူလက်ခံနိုင်မယ့် ရပ်တည်မှုကို သူ့ဘာသာ တည်ဆောက်နိုင်ဖို့ဟာ NUG အတွက်လည်း မလွယ်ကူလှပါဘူး။

NUG အနေနဲ့ စစ်ခေါင်းဆောင်တွေ သွားနေတဲ့ လမ်းကြောင်းတွေကို ဘယ်လို အစားထိုးနေရာယူရမလဲ ဆိုတဲ့ ကိစ္စအပေါ်မှာ ဒုတိယကမ္ဘာစစ် အဆုံးမှာ အနောက်နိုင်ငံ အစိုးရတွေ လုပ်ခဲ့ကြတဲ့ Yalta Conference ညီလာခံလိုမျိုး သက်ဆိုင်ရာ အတိုက်အခံအဖွဲ့အစည်း ခေါင်းဆောင်တွေအားလုံးကို ခေါ်ယူပြီး အချိန် ၃ ရက်လောက် တံခါးပိတ်အစည်းအဝေးလုပ်ကာ လက်တွေ့ကျတဲ့ စီမံကိန်းတစ်ခု ရေးဆွဲဖို့လိုတယ်လို့ အနောက်တိုင်းနိုင်ငံရေးသမားတစ်ဦးက အကြံပေးကြောင်း The Diplomat သတင်းဌာနရဲ့ သတင်းထောက် David Hutt က ရေးပါတယ်။ သို့သော်လည်း ခိုင်မာတဲ့ ဘဏ္ဍာရေးအာမခံချက်မရှိဘဲ NUG က ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မလွယ်ကူပါဘူး။ 

တချိန်တည်းမှာပဲ NUG ရဲ့ ဘဏ္ဍာရေးအခြေအနေဟာလည်း ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ NUG ရဲ့ အရာရှိတွေနဲ့ ပြောဖြစ်တဲ့ဆွေးနွေးမှုတိုင်းမှာလည်း ငွေကြေးလိုအပ်ချက်နဲ့ ပတ်သက်တာတွေ ပါဝင်မြဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဝါရှင်တန်မှာ ကိုယ်စားလှယ်ရုံးဖွင့်နိုင်ခဲ့တဲ့ NUG ဟာ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့တို့ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့နဲ့  ဂျာမဏီနိုင်ငံ ဘာလင်မြို့တို့မှာ ကိုယ်စားလှယ်ရုံခန်း ဖွင့်ဖို့မှာတော့ ငွေကြေးလိုအပ်ချက်ကို အကြောင်းပြပြီး ရှေ့မတိုးနိုင်ဖြစ်နေခဲ့ပါတယ်။

ရေရှည်မှာ ငွေကြေးစီမံခန့်ခွဲနိုင်သူသာလျှင် အခြေအနေအခွင့်အလမ်းသာလာမှာပဲ ဖြစ်ပါတယ်။ ငွေကြေးရှိနေမှသာလျှင် စစ်တပ်ကို စွန့်ခွာလာမယ့် စစ်ဘက်အရာရှိတွေကို ဆုကြေးပေးကာ စစ်တပ်ရဲ့ ရင်းမြစ်တွေကို ရယူနိုင်ရုံမကဘဲ တခြားလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

NUG ရဲ့ ဘဏ္ဍာရေးအခြေအနေတောင့်တင်းမှသာလျှင် PDF တွေအတွက် လိုအပ်တဲ့ လက်နက်ကိရိယာတွေ ထောက်ပံ့နိုင်မှာဖြစ်ပြီး တိုင်ရင်းသားလက်နက်ကိုင်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းကာ စည်းလုံးညီညွတ်ရေးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တချို့တိုင်းရင်းသား လက်နက်ကိုင်တွေဟာ အခုချိန်မှာ ဦးတည်ချက် တိတိကျကျမရှိသေးသလို၊ တိုင်းရင်းသားပါ တီတချို့ကတော့ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရရှိနိုင်ရေးအတွက် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ 

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအတွက် မပြောပလောက်တဲ့ ပမာဏဖြစ်တဲ့ ဒေါ်လာသန်းရာချီပြီး ဘဏ္ဍာရေးထောက်ပံ့မှုသာ ရမယ်ဆိုရင် NUG အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ပြင်ပက စစ်ရေးနဲ့ ရန်ပုံငွေထောက်ပံ့မှုရရှိရေးမှာ NUG ဟာ ယူကရိန်းလောက် ကံမကောင်းခဲ့ပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထွန်းကားရေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေပေးရေး၊ မြန်မာအရေးမှာ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေ တရားဝင်ထောက်ပံ့ကူညီနိုင်ရေးတို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က ဘားမားအက်ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပါတယ်။ 

အမေရိကန်ရဲ့ ဘာမားအက်မှာ လက်နက်ထောက်ပံ့မယ်လို့ အတိအလင်း မကြေညာထားသော်လည်း အဲဒီမှာ ဖော်ပြထားတဲ့ အသက်အန္တရာယ်မထိခိုက်စေသော ထောက်ပံ့ကူညီမှု (non-lethal assistance) ဆိုတာဟာ အတန်အသင့် အဓိပ္ပာယ်ကျယ်ပြန့်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ အသက်အန္တရာယ်မထိခိုက်စေသော ထောက်ပံ့ကူညီမှု (non-lethal assistance) ဟာ ဆီးရီးယားနဲ့ ယူကရိန်းမှာလို စစ်ရေးထောက်ပံ့မှုတွေလည်း ပါဝင်ပါတယ်။ 

စစ်တပ်ဘက်က အရာရှိတွေနဲ့ တပ်သားတွေကို စည်းရုံးသိမ်းသွင်းရေးအတွက် ငွေကြေးဟာ မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ အဲဒီအပြင် ထိန်းချုပ်နယ်မြေတွေမှာ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားလိုအပ်တဲ့ လူမှုရေးအခြေခံအဆောက်အဦတွေ တည်ဆောက်နိုင်ရေးအတွက်လည်း NUG က ဘဏ္ဍာငွေရှိနေဖို့ လိုအပ်ပါတယ်။ နောက်ခံ ဘဏ္ဍာရေးထောက်ပံ့မှု ပိုမိုအင်အားကောင်းလာမှသာ တော်လှန်ရေးအတွက် မရှိမဖြစ်အင်အားစုတွေဖြစ်တဲ့ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပိုမိုထောက်ပံ့ပြီး ချိတ်ဆက်နိုင်လာမှာ ဖြစ်ပါတယ်။ 

NUG ဟာ ဖက်ဒရယ်စနစ်ကို အမှန်တကယ်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် နိုင်ငံအတွင်းက မရှိမဖြစ် အဖွဲ့အစည်းတွေဆီကို ရန်ပုံငွေ ဘယ်လိုခွဲဝေပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှုအပိုင်းကို ပြင်ဆင်ထားရတော့မှာ ဖြစ်တယ်လို့ The Diplomat မဂ္ဂဇင်းမှာ ဆောင်းပါးရှင် David Hutt ကရေးသားဖော်ပြထားပါတယ်။ 

ဘာသာပြန်သူ- ဥဿာဆန်း

Ref: The Diplomat 

“Myanmar’s NUG Rebel Government Needs Money” By David Hutt

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013