DVB Logo
Home
မြန်မာသတင်း
ပုလဲ၊ ဘုတလင်နှင့် ကလေးမြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
March 12, 2023
ပုလဲ၊ ဘုတလင်နှင့် ကလေးမြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ပုလဲမြို့၊ ပုလဲ-ကန့်ဒေါင့်-ဂန့်ဂေါသွားကားလမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ကို မတ် ၁၂ ရက် မနက် ၁၁ နာရီကျော်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သခင်ဒေါင်းညိုအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ အလစ်ဝင်ရောက်ပစ်ခဲ့တာ။ ရဲတဦးကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ လက်နတ်ကောက်ဖို့ ကြိုးစားခဲ့သေးတယ်။ အချိန်က သိပ်မရတာနဲ့မကောက်ခဲ့ရဘူး။ သူတို့စခန်းက ပုလဲမြို့နဲ့ ကန့်ဒေါင့်စခန်းကြားမှာရှိတာကြောင့် အချိန်မရွေး စစ်ကူလာနိုင်တာကြောင့် အမြန်ပစ်ဆုတ်ဆုတ်ပြီး ထွက်ခွာခဲ့တယ်” လို့ သခင်ဒေါင်းညိုအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပုလဲဒေသခံတဦးက “ရုတ်တရက် ပစ်ခတ်သွားတယ်ဗျ။ ပစ်သံကြားလိုက်တာက ၁၅ မိနစ်ကျော်ကျော် ၂၀ မိနစ်လောက်ကြာမယ်။ သူတို့ပစ်ကြတော့ ပြည်သူတွေ ပုန်းကြရတာပေါ့ဗျာ။ နေ့တိုင်း သတိနဲ့ နေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ပုလဲမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး တလအတွင်း စစ်ကြောင်းထိုးတာတွေ ခပ်စိတ်စိတ်ပြုလုပ်နေသလို ကျေးရွာတွေကိုလည်း မီးရှို့နေတယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ပိုးကုန်းရွာနဲ့ ကျီးပင်ချောင်ရွာကြားမှာ မတ် ၁၁ ရက် မနက် ၈ နာရီခွဲက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

နမခစစ်တပ်ကနေ မတ် ၉ ရက်က စတင်စစ်ကြောင်းထိုးလာပြီး ပိုးကုန်းရွာကို ဝင်ရောက်လာကာ မတ် ၁၀ ရက်မှာ အဆိုပါရွာမှာ အထိုင်ချနေထိုင်ပြီးနောက် မတ် ၁၁ ရက်မှာ ဘုတလင်မြို့ဘက် စစ်ကြောင်းထိုးရင်း အခုလိုမိုင်းဆွဲခံရတာလို့ ဆိုပါတယ်။

ဘုတလင်မြို့နယ် ပြည်သူကာကွယ်ရေး LPDF အဖွဲ့ဝင်တဦးက “ဒီကောင်တွေ တက်လာတည်းက  ဒေသခံတွေ နေရ၊ထိုင်ရတာ အဆင်မပြေကြဘဲ အကုန်ထွက်ပြေးနေကြရတယ်။ မနေ့ကလည်း သူတို့ တပ်ဆွဲထားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့‌တယ်။ ဒီနေ့လည်း ဘုတလင်မြို့ဘက်ထွက်တာကို စောင့်ပြီး မိုင်းဆွဲခဲ့တယ်။ အသေအပျောက်‌တော့ အတိအကျမသိဘူး။ ကျနော်တို့ဘက်ကတော့ အထိခိုက်အကျဆုံး မရှိခဲ့ဘူး။ လက်ရှိ အနေအထားကတော့ ဘုတလင်မြို့ထဲ ရောက်သွားပြီ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စတင်စစ်ကြောင်းထိုးလာချိန်မှာ ကျေးရွာ ၈ ရွာက ဒေသခံတွေ စစ်ရှောင်နေရပြီး လက်ရှိအချိန် ဘုတလင်မြို့ထဲဝင်သွားတာကြောင့် ကျေးရွာအတွင်း ပြည်လည် ဝင်ရောက်နေထိုင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ နည်းပညာတက္ကသိုလ်က စစ်ကောင်စီတပ်ကို မတ် ၁၁ ရက် ညမှာ  ကလေး PDF အဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ကာ ကလေးတောင်ပိုင်းက ဒေသခံကာကွယ်ရေး တပ်နဲ့အတူ လက်နက်ကြီးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

‌ကလေးPDF တပ်ဖွဲ့တဦးက "GTC ကျောင်းအတွင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေကို  ကျောင်းရဲ့ တောင်ဘက်နဲ့ မြောက်ဘက်ကနေ ညှပ်တိုက်ခိုက်ခဲ့တာ။ ၆၀ မမနဲ့ အဓိကထား ပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါပစ်ခတ်ခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုတွေရှိနိုင်တယ်။ အတည်ပြုလို့‌တော့ မရဘူး" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်က ပြန်ပစ်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013