
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လောင်စာဆီဈေးနှုူန်းတွေ အဆမတန် ဈေးနှုန်းမြင့်တက်နေပြီး သာမန်ပြည်သူတွေ လုံလောက်အောင်ဝယ်ယူသုံးစွဲခွင့် မရပေမဲ့ ကျောက်မျက်တူးကုမ္ပဏီတွေကတော့ လောင်စာဆီဖောဖောသီသီသုံးပြီး နေ့ရောညပါ တရားမဝင် တူးဖော်လုပ်ကိုင်နေကြတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
လက်ရှိဖားကန့်မှာ ပရီမီယံဒီဇယ် တလီတာကို ကျပ် ၃,၉၀၀၊ 95 ဓာတ်ဆီတလီတာကို ကျပ် ၄,၅၀၀ ဈေးပေါက်နေပြီး ပြည်သူတွေဟာ လောင်စာဆီလုံလောက်အောင် ဝယ်ယူခွင့်မရလို့ လူမှုစီးပွား အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လောင်စာဆီကားတွေကို ဖားကန့်အဝင်မခံဘဲ ပိတ်ပင်နေတာကြောင့် အခုလို လောင်စာဆီရှားပါးလာတာလို့ ဖားကန့်မြို့ခံတဦး ပြောပါတယ်။
"နန့်ယားမှာရှိတဲ့ စစ်တပ်ဂိတ်က ဆီကားဆို ပေးမသွားခိုင်းတော့ဘူး၊ အားလုံးကို ပြန်လှည့်ခိုင်းတယ်။ ကျောက်ခိုးတူးတဲ့ကုမ္ပဏီ ဆီကားတွေကျတော့ တခါးမရှိ ဓားမရှိ သွားလို့ ရနေတယ်" လို့ ဖားကန့်မြို့ရပ်မိရပ်ဖတဦးက ပြောပါတယ်။
ပြည်သူကို ရောင်းချမယ့် ဆီဆိုင်ကကားတွေ ဖားကန့်ကိုသွားချင်ရင်တော့ ဆီကားတစီးကို ကျပ်ငွေသုံးသိန်းကနေ ဆယ်သိန်းအထိ နန့်ယားစစ်တပ်ဂိတ်ကို ပေးသွားနေရတယ်လို့လည်း ဖားကန့်မြို့က စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
“ကျနော်တို့က ဆိုင်လည်းလိုင်စင်ရှိတယ်။ ဆီလည်းတရားဝင်သွင်းလာတာပဲဗျ။ ဒါကို ကားတစီးသုံးသိန်းကနေ ဆယ်သိန်းအထိ အရေးကြီးရင်ကြီးသလို သူတို့ တောင်းသလောက်ပေး နေရတယ်။ နန့်ယားစစ်တပ်ဂိတ်က တော်တော်ကို ဆိုးရွားလွန်းနေတယ်။”
ဖားကန့်မြို့မှာ လောင်စာဆီရှားပါးနေပေမဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာတော့ တညကို ဆီဂါလန်ပေါင်း သန်းချီ အသုံးပြုလုပ်ကိုင်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။
ဖားကန့်ရတနာမြေရှိ ကုဋေ၊ မှော်စီစာ၊ မော်မောင်လျံ၊ ရှရောခ၊ စပစ်ခူး၊ မန၊ မက်လင်ချောင် ဝိုင်တီတီကုန်း၊ ဖားပြင်နောက်ကြော၊ မမုံနောက်ကြော၊ စပေါ့၊ ဘဇံချောက်၊ ကရင်ချောင်၊ နမ့်မှော်၊ မှောဂလုံ စတဲ့မှော်တွေအပါအဝင် မှော်အားလုံးမှာ စက်ယန္တရားအလုံးအရင်းနဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်နေကြပါတယ်။
စစ်ကောင်စီဟာ ကျောက်စိမ်းတူးဖော်မှုတွေကို ရပ်နားထားဖို့ အမိန့်ထုတ်ထားပေမဲ့ စစ်ကောင်စီလက်အောက်ခံတပ် ၃၃ တပ်မမှူးကပဲ လစဉ်ကြေးအမြောက်အမြားယူပြီး အကျိုးတူလုပ်ဆောင်နေတဲ့လုပ်ငန်းရှင်တွေကို ခွင့်ပြုထားတာဖြစ်ပါတယ်။